ကမမောင်း ၂၀ ဇွန်
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့ကို သံလွင်မြစ်တစ်ဖက်ကမ်းရှိ လှိုင်းဘွဲမြို့နယ်၊ ကမ်းနီကျေးရွာမှ ၃၃ ကေဗွီ ဓာတ်အားလိုင်း (၁၆)မိုင် သွယ်တန်းကာ ကမမောင်းမြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများ ၂၄ နာရီ လျှပ်စစ်မီးရရှိစေရေးအတွက် ပြည်နယ်အစိုးရ၏ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ၃၃/၁၁ ကေဗွီ (၅)အမ်ဗွီအေ ဓာတ်အားခွဲရုံ တည်ဆောက်ပေးခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာ ၃ ရက်တွင် ဓာတ်အားခွဲရုံကို ဖွင့်လှစ်ပေးခဲ့သည်။
ပြည်နယ်အစိုးရအဖွဲ့မှ ကျေးရွာ(၁)ရွာလျှင် ၁၁ ကေဗွီ ဓာတ်အားလိုင်းနှင့် ၁၁/၀ ဒသမ ၄ ကေဗွီ ထရန်စဖော်မာ (Transformer) တစ်လုံးကို ပြည်နယ်အစိုးရ၏ ရန်ပုံငွေဖြင့် ဆောင်ရွက်ပေးပြီး ၄၀၀ ဗို့ ဓာတ်အားလိုင်းအား ကျေးရွာကိုယ်ထူကိုယ်ထစနစ်ဖြင့် ကျေးရွာမီးလင်းရေး ကော်မတီဖွဲ့စည်းကာ ဆောင်ရွက်ရကြောင်း သိရသည်။
ယခုအခါ ကမမောင်း-ဝါးဘိုးတောလမ်းပေါ်ရှိ ဘားအံမြို့နယ်မှ ပေပင်ဆိပ်ကျေးရွာ၊ ဘုရားဆိပ်ကျေးရွာ၊ ဝဲပျံချောင်းဝကျေးရွာ၊ ဂျို့ပင်ဆိပ်ကျေးရွာ၊ မြိုင်ကျေးရွာ၊ ကုန်းတန်းကြီးကျေးရွာနှင့် မီးဇိုင်းကျေးရွာများမှာ ကျေးရွာကိုယ်ထူကိုယ်ထစနစ်ဖြင့် ၄၀၀ ဗို့ ဓာတ်အားလိုင်း တည်ဆောက်ပြီးစီးသွားပြီးဖြစ်၍ ကမမောင်းမြို့ရှိ ၃၃/၁၁ ကေဗွီ (၅)အမ်ဗွီအေ ဓာတ်အားခွဲရုံမှ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနေပြီဖြစ်သဖြင့် အဆိုပါကျေးရွာ (၇)ရွာမှာ ၂၄ နာရီ လျှပ်စစ်မီးရရှိနေပြီဖြစ်ကြောင်း ကမမောင်းမြို့ လျှပ်စစ်အင်ဂျင်နီယာရုံးမှ မြို့လျှပ်စစ်အင်ဂျင်နီယာ ဦးစောဝင်းထက်စိုးထံမှ သိရသည်။
မိမိတို့ကျေးရွာများတွင် ကိုယ်ထူကိုယ်ထစနစ်ဖြင့် ၂၄ နာရီ လျှပ်စစ်မီးရရှိနေပြီဖြစ်သည့်အတွက် အသေးစား စက်မှု၊ လက်မှုလုပ်ငန်းများနှင့် အိမ်တွင်းအသက်မွေးဝမ်းကျောင်း လုပ်ငန်းများ ပိုမိုအဆင်ပြေလာမည်ဖြစ်ပြီး ထင်း၊ မီးသွေးသုံးစွဲမှုလျော့နည်းသွားမည် ဖြစ်သဖြင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှု လျော့နည်းသွားနိုင်မည်ဖြစ်ကြောင်း မီးဇိုင်းကျေးရွာမှ ဒေါ်နော်ဂျူးဗလီက ပြောကြားခဲ့သည်။
လင်းသန့်(ပြန်/ဆက်)


