ဆားလင်းကြီး နိုဝင်ဘာ ၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်အတွင်းရှိ မိုးကြိုးပြင်၊ ကျိုင်းခမောက်၊ ဆင်ဖြူချည်၊ ညောင်ပင်တို ကျေးရွာလေးရွာ၌ ကျေးလက်နေပြည်သူများ သောက်သုံးရေ ဖူလုံစွာရရှိရေးအတွက် အဝီစိစက်ရေတွင်းတူးဖော်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများ အကောင်အထည် ဖော်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ဆားလင်းကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
မိုးကြိုးပြင်ကျေးရွာတွင် သောက်သုံးရေဖူလုံစွာရရှိရေးအတွက် ဂါလန် ၅၀၀၀ ဆံ့ ရေစုကန်တစ်ကန် တည်ဆောက်ခြင်း၊ ကျေးရွာတွင်းရေပိုက်လိုင်း သွယ်တန်းခြင်း၊ ကျိုင်းခမောက်ကျေးရွာတွင် လေးလက်မ အဝီစိစက်ရေတွင်း တစ်တွင်းတူးဖော်ခြင်း၊ ဂါလန် ၂၄၀၀ ဆံ့ စင်မြင့်ရေစင် တစ်ခု တည်ဆောက်ခြင်း၊ ရေစက်ရုံတစ်ခုတည်ဆောက်ခြင်း၊ ဆင်ဖြူချည်ကျေးရွာတွင် လေးလက်မ အဝီစိ စက်ရေတွင်း တစ်တွင်းတူးဖော်ခြင်း၊ ပန့်တပ်ဆင်ခြင်း၊ ကျေးရွာတွင်းရေပိုက်လိုင်းသွယ်တန်းခြင်း၊ ညောင်ပင်တိုကျေးရွာတွင် လေးလက်မ အဝီစိစက်ရေတွင်း တစ်တွင်းတူးဖော်ခြင်း၊ ဂါလန် ၂၄၀၀ ဆံ့ စင်မြင့် ရေစင်တစ်ခုတည်ဆောက်ခြင်း၊ ရေစက်ရုံတစ်ခုတည်ဆောက်ခြင်း၊ မီးလိုင်းသွယ်တန်းခြင်း လုပ်ငန်းများအား ၂၀၂၁-၂၀၂၂ခုဘဏ္ဍာနှစ် ခြောက်လတာကာလအတွင်း ပြည်ထောင်စု၊ မွမ်းမံခွင့်ပြုရန်ပုံငွေကျပ်သန်း ၉၀ကျော်ဖြင့်တင်ဒါအောင်မြင်သောကုမ္ပဏီများမှ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပြီး အဆိုပါလုပ်ငန်းများ ဆောင်ရွက်ပြီးစီးသွားပါက ကျေးရွာလေးရွာမှာရှိတဲ့ အိမ်ခြေ ၉၄၅ အိမ်မှ လူဦးရေ ၅၁၀၀ အတွက် ရာသီမရွေး သောက်သုံးရေ ဖူလုံစေရေး အကျိုးပြုမည်ဖြစ်ကြောင်း ဆားလင်းကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးညီညီဝင်း ကပြောပြသည်။
အဆိုပါကျေးရွာ လေးရွာ၌ သောက်သုံးရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေးအတွက် ဆားလင်းကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးညီညီဝင်း နှင့်ဝန်ထမ်းများမှ ယနေ့နက်ပိုင်းက ကျေးရွာရေရရှိရေး ကော်မတီဝင်များနှင့်အတူ စက်ရေတွင်းတူးဖော်မည့် မြေနေရာ၊ ရေစုကန်၊ ရေစက်ရုံတည်ဆောက်မည့် မြေနေရာများအား ကွင်းဆင်းကြည့်ရှု့ စစ်ဆေးတိုင်းတာခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ငြိမ်းသူ


