မိုးလွင်ဦး(လွိုင်လင်)

 

မြန်မာနိုင်ငံ၏ လူဦးရေ ၇၀ ရာခိုင်နှုန်းသည် ကျေးလက်နေ ပြည်သူများဖြစ်ကြသည်။ ကျေးလက်နေပြည်သူများ လျှပ်စစ်မီးကို တွင်ကျယ်စွာအသုံးပြုနိုင်ပါက အိမ်တွင်းမှုလုပ်ငန်းများ၊ အသေးစားအလတ်စား စက်မှု လုပ်ငန်းများ ထူထောင်နိုင်မည်ဖြစ်သည်။ ကျေးရွာတိုင်း လျှပ်စစ်မီးရရှိရန် မလွယ်ကူပါ။ မြေပြန့်ဒေသတို့တွင် လျှပ်စစ်မီးသွယ်တန်းရန် အခွင့်အလမ်းများစွာရှိသော်လည်း တောင်ပေါ်ဒေသများတွင် လျှပ်စစ်မီး သွယ်တန်းရန် များစွာအခက်အခဲရှိသည်။

 

လျှပ်စစ်စွမ်းအင်၏ အရေးပါပုံ မြန်မာနိုင်ငံသည် ခေတ်မီဖွံ့ဖြိုးတိုးတက်ပြီး စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ လမ်းကြောင်းပေါ်သို့ လျှောက်လှမ်းနေပြီဖြစ်ရာ မကြာသောအချိန်ကာလများတွင် ရည်မှန်းချက်ပန်းတိုင်သို့ ရောက်ရှိတော့မည်ဖြစ်သည်။ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရန် လျှပ်စစ်စွမ်းအင်ကဏ္ဍသည် စက်ရုံ၊ အလုပ်ရုံ၊ စက်မှုလက်မှုလုပ်ငန်းများ၌ မရှိမဖြစ်အရေးကြီးသည့် အခန်းကဏ္ဍမှပါဝင်နေသည်။ ယနေ့ခေတ်တွင် ကမ္ဘာကြီး၌ ဖြစ်ပျက်တိုးတက်ပြောင်းလဲနေသမျှကို လူထုဆက်သွယ်ရေး ပစ္စည်းများဖြစ်သည့် တယ်လီဖုန်း၊ အင်တာနက်၊ ဝက်ဘ်ဆိုက်များကို လျှပ်စစ်စွမ်းအင်အသုံးပြု၍ ကြည့်ရှုလေ့လာမှတ်တမ်းတင်နိုင်နေကြပြီ ဖြစ်သည်။

 

လျှပ်စစ်ဓာတ်အားများ အသုံးပြုလာခြင်းအားဖြင့် သဘာဝပတ်ဝန်းကျင်နှင့် သစ်တောပြုန်းတီးမှုကို ကာကွယ်ရာ တွင် အထောက်အကူ ဖြစ်စေသည်။ ကျေးလက်ဒေသ မီးလင်းရေးအတွက် နိုင်ငံတော်အစိုးရနှင့် ကျေးလက်နေ ဒေသခံ ပြည်သူတို့ တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ကြမှသာ အောင်မြင်မည်ဖြစ်သည်။

 

ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်မြို့နယ်တွင် ကျေးရွာပေါင်း ၃၀ဝ ကျော်ရှိရာ လျှပ်စစ်မီးသွယ်တန်း အသုံးပြုနိုင်သည့် ကျေးရွာများမှာ အင်မတန်မှနည်းပါးသော်လည်း အချို့ ကျေးရွာများတွင် ဝန်ကြီးဌာနများ၏ ပံ့ပိုးမှု ကျေးလက်ပြည်သူများ၏ အားကြိုးမာန်တက် ပူးပေါင်းဆောင်ရွက်မှုများကြောင့် လျှပ်စစ်မီး အလင်း ရရှိကြသည်။ အချို့သောကျေးရွာများသည် ဝေးလံပြီး လမ်းပန်းဆက်သွယ်မှုခက်ခဲခြင်း၊ ငွေကုန်ကြေးကျ များခြင်းတို့ကြောင့် လျှပ်စစ်မီး သွယ်တန်းရန် အဆင်မပြေဖြစ်ကြသည်။

 

အမှောင်ခွင်းအလင်းဆောင်နိုင်ပြီ လွိုင်လင်မြို့၏ အရှေ့မြောက်ဘက် လေးမိုင်ခန့်အကွာတွင် တည်ရှိသည့် လွိုင်မုံမိုင်းကျေးရွာ သည် ၂၀၁၈ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့က လျှပ်စစ်အစွမ်းဖြင့် အမှောင်ကိုခွင်း အလင်းဆောင်နိုင်ခဲ့ပြီဖြစ်သည်။ လွိုင်မုံမိုင်းကျေးရွာသည် အိမ်ခြေ ၁၀၃ အိမ်၊ အိမ်ထောင်စု ၉၆ စု၊ လူဦးရေ ၄၉၈ ဦးရှိပြီး ပအိုဝ်းတိုင်းရင်းသားများ နေထိုင်သည့် ကျေးရွာတစ်ရွာဖြစ်သည်။ လက်ဖက်၊ ပြောင်း၊ ရာသီပေါ် သီးနှံများ၊ နှစ်ရှည်သီးနှံများကို စိုက်ပျိုးကြပြီး ရိုးသားစွာဖြင့် ဘဝကိုရပ်တည်နေထိုင်ကြသည်။

 

လွိုင်မုံမိုင်းကျေးရွာကို ၁၈၉၃ ခုနှစ် မတ်လတွင် တည်ထောင်ခဲ့ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးခွန်ထွန်းကျော်ထံမှသိရသည်။ အဆိုပါ ကျေးရွာလျှပ်စစ်မီးလင်းရေးဖွင့်ပွဲကို ၂၀၁၈ ခုနှစ် စက်တင်ဘာ ၃၀ ရက်က အောင်မြင်စွာဖွင့်လှစ်နိုင်ခဲ့ကြောင်း သိရသည်။

 

ဖွင့်ပွဲအခမ်းအနားသို့ လွိုင်လင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်သီ၊ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးခွန်ဒီဂေါလ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိန်သောင်းနှင့် ဌာန ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်အားပေးခဲ့ကြသည်။ အထူးသဖြင့် အဆိုပါ ကျေးရွာလျှပ်စစ်မီးလင်းရေးအတွက် အဓိကပံ့ပိုးပေး သည့် ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အရာရှိများနှင့်ဝန်ထမ်းများ၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ အင်ဂျင်နီယာမှူးနှင့် ဝန်ထမ်းများတက်ရောက်ကြပြီး တာဝန်ရှိသူများက အမှာစကားများ ပြောကြားခဲ့ကြသည်။

 

လွိုင်မုံမိုင်းကျေးရွာ လျှပ်စစ်မီးလင်းရေးအတွက် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ကျပ်သိန်း ၃၅၀ ကို မတည်ပေးခဲ့ပြီး လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် (မီနီဘတ်ဂျက်)တွင်  ကျပ်သိန်း ၄၅၀ နှင့် ကျေးလက်ပြည်သူများ ထည့်ဝင်ငွေကျပ် ၄၃၈၄၅၀ဝဝ၊ စုစုပေါင်း ကုန်ကျငွေမှာ ကျပ် ၁၂၃၈၄၅၀ဝဝ ဖြင့် အကုန်အကျခံ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

အိပ်မက်တွေအကောင်အထည်ပေါ် ကျေးရွာမီးလင်းရေး ဖွင့်ပွဲအခမ်းအနားကို သတ်မှတ်အစီအစဉ်အတိုင်း ကျင်းပကြပြီး ကျေးရွာမီးလင်းရေး ကော်မတီဥက္ကဋ္ဌ ဦးခွန်ထွန်းကျော်က ကျေးဇူးတင်စကားပြောကြားရာ “ကျွန်တော်တို့ ရွာတည်ထားခဲ့တာ နှစ်ပေါင်း ၁၂၅ နှစ်ရှိပါပြီ။ ဒီနေ့မှာတော့ ကျွန်တော်တို့ရွာအတွက် အင်မတန်မှ မင်္ဂလာရှိသော၊ ကျက်သရေအပေါင်း နဲ့ပြည့်စုံသော နေ့တစ်နေ့ဖြစ်ပါတယ်။ လျှပ်စစ် မီးလင်းရေး ဖွင့်ပွဲနေ့ဖြစ်ပါတယ်။ ကျွန်တော်တ အနှစ်နှစ်အလလက မျှော်မှန်းတမ်းတခဲ့တဲ့ အိပ်မက်တွေ အကောင်အထည် ပေါ်လာပြီဖြစ်ပါတယ်။ ဖယောင်းတိုင်အလင်းကိုသာ နှစ်ရှည်လများ အားကိုးပြီးနေလာခဲ့တဲ့ ညတွေလွန်မြောက် ခဲ့ပြီဖြစ်ပါတယ်။ ဒီလိုလျှပ်စစ်မီး အလင်းရောင်ရရှိဖို့အတွက် အဘက်ဘက်ကနေ ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက် ပေးကြတဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျေးလက်ဦးစီးဌာန၊ လျှပ်စစ်ဌာနတို့မှ တာဝန်ရှိသူတွေနဲ့ ကျွန်တော် တို့ရွာက ရွာသူ ရွာသားတွေ အားလုံးကို ကျေးဇူးတင်ပါတယ်။ ဆက်လက်ပြီး ကျွန်တော်တို့ရွာ ဖွံ့ ဖြိုးတိုးတက်ရေးအတွက် ကြိုးစားဆောင်ရွက်သွားမှာပါ”ဟူ၍ ပြောခဲ့သည်။

 

ယင်းနောက် ကျေးရွာမီးလင်းရေးဖွင့်ပွဲ အထိမ်းအမှတ်မုခ်ဦးကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်သီ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိန်သောင်း၊ ခရိုင်လျှပ်စစ် အင်ဂျင်နီယာမှူး ဦးအောင်မြင်၊ လွိုင်လင်ခရိုင် ကျေးလက်မှ ဦးဇေယျာမင်း လ/ထညွှန်မှူး (နည်းပညာ)နှင့် ကျေးရွာရပ်မိရပ်ဖ ဦးပညာ ဆန်းတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။

 

စီစဉ်ဆောင်ရွက်ပေးခဲ့ လွိုင်မုံမိုင်းကျေးရွာကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းကိုလည်းကောင်း၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ကျေးရွာအဝင် လမ်းခင်းခြင်းကိုလည်းကောင်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် တစ်မြို့တစ်ရွာ အမှိုက်ကင်းစင်ကျေးရွာအဖြစ် လည်းကောင်း စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း ကျေးလက်ဦးစီးဌာနမှ သိရသည်။

 

အဆိုပါ လွိုင်မုံမိုင်းကျေးရွာ လျှပ်စစ်မီးလင်းရေး ဖွင့်ပွဲအခမ်းအနားကို အောင်မြင်စွာကျင်းပနိုင်ခဲ့ခြင်းအားဖြင့် ကျေးလက်နေပြည်သူများသည် လျှပ်စစ်မီးကို စနစ်တကျသုံးစွဲမည်ဆိုပါက အိမ်တွင်းမှုလုပ်ငန်းများ၊ အသေးစား အလတ်စား စက်မှုလုပ်ငန်းများတိုးချဲ့လုပ်ကိုင်လာခြင်းဖြင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝများ တိုးတက်လာနိုင်မည်ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။ ။