ကျောက်ပန်းတောင်း ၅ နိုဝင်ဘာ

 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကျေးရွာလျှပ် စစ်မီးလင်းရေးလုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန်အတွက် လျှပ်စစ်ကျွမ်းကျင်ပညာပေးသင်တန်းကို အဆိုပါရုံး သင် တန်း ခန်းမတွင် ဖွင့်လှစ်လျက်ရှိကြောင်း သိရသည်။

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသည့် အဆိုပါ သင်တန်းကို ကျောက်ပန်းတောင်း မြို့နယ်အတွင်း ၂၀၁၉-၂၀၂၀ ခုနှစ်တွင် လျှပ်စစ်မီးလင်းရေးဆောင်ရွက်မည့် ကျေးရွာများ အနက် ကျေးရွာ (၁၁) ရွာမှ သင်တန်းသား(၂၀)ဦးကို ဖွင့်လှစ် သင်ကြားပေးခြင်းဖြစ်ပြီး၊ ၎င်းတို့ကျေးရွာတွင် လျှပ်စစ်မီးသွယ်တန်းခြင်း၊ ပြုပြင်ခြင်း လုပ်ငန်းများတွင် ကျေးလက်မီးလင်းရေးကော်မတီနှင့် ပူးပေါင်ဆောင်ရွက်နိုင်စေရန်အပြင် မိမိတို့ တတ်မြောက်ထားသည့် လျှပ်စစ်ပညာဖြင့် အိမ်သုံးလျှပ်စစ်ပစ္စည်းများအား ပြုပြင် ဆောင်ရွက်ခြင်းဖြင့် ၎င်းတို့၏ မိသားစု စားဝတ်နေရေးကိုလည်း တစ်ဖက်တစ်လမ်းမှ အထောက်အကူ ဖြစ်စေရန် ရည်ရွယ်ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံးမှ မြို့နယ်ဦးစီးမှူး ဒေါ်တင်ယုမေက ပြောခဲ့သည်။

 

သင်တန်းကို မြို့နယ်လျှပ်စစ်မန်နေဂျာရုံးမှ လျှပ်စစ်ကျွမ်းကျင်(၂) ဦးမြင့်ဝင်းက ဆားဗစ်ကြိုး သွယ်တန်းခြင်းအကြောင်း၊ ထရန်စဖော်မာသို့ လျှပ်စစ်အဝင်၊ အထွက်ကြိုးများ တတ်ဆင်ပုံနှင့် အိမ်တွင်းကြိုးများသွယ်တန်းခြင်း၊ လျှပ်စစ်ပစ္စည်းများကိုင်တွယ် ထိန်းသိမ်းခြင်း၊ ပြုပြင်ခြင်း အစရှိသည်တို့ကို (၁-၁၁-၂၀၁၉)မှ(၃၀-၁၁-၂၀၁၉)အထိ (၁)လတာဖွင့်လှစ် သင်ကြား ပေးသွားမည်ဖြစ်ပြီး၊ လျှပ်စစ်ပညာရပ်ကို လက်တွေ့အသုံးချနိုင်သည်အထိ သင်ကြား ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

နေအောင်(ပြန်/ဆက်)