မိတ္ထီလာ ၅ ဒီဇင်ဘာ
မိတ္ထီလာမြို့နယ်၌ ကျေးရွာလူထုအခြေပြုသည့် အမှိုက်စီမံခန့်ခွဲရေးစနစ်မှ သဘာဝပတ်ဝန်းကျင်နှင့် လူမှုဝန်းကျင် ထိခိုက်မှု အလားအလာများ လျှော့ချနိုင်ရေး ကျေးရွာ(၆)ရွာတွင် အကောင်အထည်ဖော် ဆောင် ရွက်နိုင်ခဲ့ကြောင်း သိရသည်။
မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ကျေးရွာများအား လမ်းပန်း ဆက်သွယ်ရေး၊ သောက်သုံးရေရရှိရေး၊မီးလင်းရေးလုပ်ငန်းများအပြင် ကျေးရွာများတွင် သန့်ရှင်း သာယာပြီး အမှိုက်ကင်းစင်သည့် ကျေးရွာများပေါ်ပေါက်လာစေရန် ကျေးရွာလူထု အခြေပြုသည့် စွန့်ပစ်အမှိုက် စီမံခန့်ခွဲရေးစနစ်အား ကျင့်သုံးဆောင်ရွက်တက်လာစေရန်၊ အဖွဲ့အစည်းဖြင့် ပူးပေါင်း ဆောင်ရွက်တက်သော အလေ့အကျင့်ကောင်း ရရှိလာစေရန်၊ ထိရောက်ကောင်းမွန်သော စွန့်ပစ်အမှိုက် စီမံခန့်ခွဲမှုစနစ်မှ သဘာဝပတ်ဝန်းကျင်နှင့် လူမှုဝန်းကျင် ထိခိုက်နိုင်စေမှု အလားအလာများကို လျော့ချ ပေးနိုင်စေရန် ရည်ရွယ်၍ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ညောင်ကာယား၊ ကုက္ကိုကုန်း၊ အလည်ရွာ၊ ဒဟတ္တန်း၊ ဒီးဒုတ်တောင်၊ ရေချိုရွာမကျေးရွာများတွင် စတင်အကောင်အထည်ဖော်ဆောင်ရွက်ပြီး ကျန်ရှိသည့် ကျေးရွာများကိုလည်း ဘဏ္ဍာနှစ်အလိုက် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးအေးဇော်မြင့်က ပြောကြားခဲ့သည်။
“ဒေသခံအများစုမှာ တောင်သူများဖြစ်ကြပြီး ရွာတွင် မနက်ခင်းပိုင်းဈေးလည်း ရှိသဖြင့် နေ့စဉ် အမှိုက်ကထွက်ရှိကြောင်း၊ ထွက်သည့်အမှိုက်များကို စနစ်တကျစွန့်ပစ်ခြင်းမရှိတဲ့အတွက် ကျေးရွာ အတွင်း အမှိုက်များ နေရာအနှံ့ တွေ့ရှိရကြောင်း၊ ယခုဆိုလျင် ကျေးရွာလူထုအခြေပြုသည့် အမှိုက် စီမံခန့်ခွဲရေး စနစ်ဆောင်ရွက်သည့်အတွက် ဈေးသည်များကလည်း ထွက်ရှိသည့်အမှိုက်များကို စနစ်တကျ အိတ်ဖြင့် ထည့်ပြီး ကျေးရွာ၏ တောင်ဘက်တွင် အမှိုက်ကျင်း တူးဖော်ထားရှိရာ အမှိုက်ကျင်းထဲတို့ သွားရောက်စွန့်ပစ်ကြကြောင်း၊ တောင်သူများကလည်း လယ်ယာများမှ ထွက်ရှိသည့် စွန့်ပစ်သီးနှံအမှိုက်များ ကို မိမိတို့လယ်ယာများသို့ လှည်းများဖြင့် သယ်ပို့ကြသဖြင့် ကျေးရွာအတွင်း နေအိမ်များတွင် အမှိုက်များ ကင်းစင်၍ မီးလောင်မှုကို တားဆီးကာကွယ်ရာရောက်သဖြင့် အဆိုပါ ကျေးရွာလူထု အခြေပြုသည့် အမှိုက်စီမံခန့်ခွဲရေးစနစ်အား ကျေးရွာလူထုမှ ပူးပေါင်းပါလျက်ရှိကြောင်း ”ရေချိုကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်တင့်က ပြောသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)