လွိုင်ကော် ၃၁ မတ်

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကယားပြည်နယ် လူထုဗဟိုပြုစီမံကိန်း လွိုင်ကော်-  ရှားတောမြို့နယ်အပိုင်း ကျေးလက်နေပြည်သူလူထုတို့၏ ကျန်းမာရေး၊ ပညာရေးနှင့် စီးပွားရေးတို့အတွက် အထောက်အကူပြုစေရန် ရည်ရွယ်၍ လွိုင်ကော်- ရှားတောမြို့နယ် လူထုဗဟိုပြုစီမံကိန်းမှ စီမံကိန်းရန်ပုံငွေ (၂၂၆)သိန်းနှင့် ကျေးရွာလူထုထည့်ဝင်ငွေ (၁၀၅၃၀၄၀) ကျပ်ဖြင့် လွိုင်ကော်မြို့နယ် လောပိတကျေးရွာအုပ်စု လောကထုကျေးရွာအတွက် အနံ (၁၂)ပေ၊ အမြင့် (၉)လက်မ၊ ၂၅၄၅ ပေအရှည်ရှိ ကျောက်ချောလမ်းနှင့် ကျေးရွာလူထု၏ ပူးပေါင်းပါဝင်မှု အားကောင်းသောကြောင့် ရေပြွန်တံတား (၁၄)စင်း ဖြည့်စွက်ဆောင်ရွက်ပြီးစီးမှုအား ယနေ့နံနက် ၈ နာရီခွဲက အဆိုပါလမ်းရှိ မုခ်ဦး၌ ကျင်းပသည်။

 

 

ရှေးဦးစွာ ကယားပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးကျော်သူအောင်က အဖွင့်အမှာစကား ပြောကြားပြီး လွိုင်ကော်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်အိအိခင်က စီမံကိန်းဆောင်ရွက်ခဲ့သည့် အကြောင်းအရာများ ရှင်းလင်းပြောကြားကာ လောပိကျေးရွာအုပ်စု၊ လောကထုကျေးရွာ စီမံကိန်း အထောက်အကူပြုကော်မတီ ဥက္ကဋ္ဌ ဦးထိုးရယ်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ဦးစီးမှူး ဒေါ်အိအိခင်၊ ကယားပြည်နယ် လူထုဗဟိုပြုစီမံကိန်း ဒုတိယတာဝန်ခံ ဒေါ်နော်ချောစုနှင့် လောကထုကျေးရွာဥက္ကဋ္ဌ ဦးဝီရယ်တို့က ကျောက်ချောလမ်းအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ပြည်နယ်ဦးစီးမှူး ဦးကျော်သူအောင်နှင့် တာဝန်ရှိသူတို့က ကျောက်ချောလမ်း မုခ်ဦးဆိုင်းဘုတ်ကို အမွေးနံ့သာရည်များဖြင့် ပက်ဖျန်းပေးကာ အမှတ်တရဓာတ်ပုံများရိုက်ကူး၍ ကျောက်ချောလမ်းတစ်လျှောက် လှည့်လည်ကြည့်ရှုခဲ့ကြသည်။

 

 

“ကျွန်တော်တို့ကျေးရွာဟာ ယခင်က လမ်းမကောင်းခဲ့လို့ ကျန်းမာရေး၊ ပညာရေးနဲ့ စီးပွားရေးကိစ္စတွေမှာ သွားလာမှုခက်ခဲပြီး အဆင်မပြေမှုများရှိရာမှ ယခု လူထုဗဟိုပြုစီမံကိန်းမှ ဦးစီးဆောင်ရွက်ပေးခဲ့မှုကြောင့် သွားလာမှုအဆင်ပြေခဲ့ပြီဖြစ်လို့ အလွန်ပင် ဝမ်းသာမိပါတယ်။ ယခုလမ်းကို ပျက်စီးယိုယွင်းမှုနည်းအောင် ကျေးရွာလူထုများနှင့်အတူ ထိန်းသိမ်းသွားပြီး ပျက်စီးမှုအပေါ် ပြုပြင်မှုများ ဆောင်ရွက်နိုင်အောင် ကျေးရွာလူထုနှင့် ပူးပေါင်း၍ ရန်ပုံငွေများ စုဆောင်းဆောင်ရွက်သွားမှာပါ”ဟု လောကထုကျေးရွာ စီမံကိန်း အထောက်အကူပြုကော်မတီ ဥက္ကဋ္ဌ ဦးထိုးရယ်က ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

 

ကိုစိုင်း (လွိုင်ကော်)