ရေစကြို ၁ ဒီဇင်ဘာ

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာများ လူနေမှုဘဝ ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ကျေးရွာစွန့်ပစ်အမှိုက် စီမံခန့်ခွဲမှုစနစ် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၈ နာရီက ရေစကြိုမြို့နယ် ရွာသစ်ကျေးရွာသို့ သွားရောက်ပြီး ကျေးရွာနေပြည်သူများနှင့် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ 

 

ajk3

 

အဆိုပါ စုပေါင်းသန့်ရှင်းရေး ကွင်းဆင်းဆောင်ရွက်ရာတွင် ရေစကြိုမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးတင်ကိုကိုလတ်က ယခုလို ကျေးရွာများ သန့်ရှင်းသာယာလှပရေးအတွက် ကျေးရွာစွန့်ပစ်အမှိုက် စီမံခန့်ခွဲမှုစနစ် အကောင်အထည်ဖော် ဆောင်ရွက်ပေးခြင်းသည် ကျေးလက်နေပြည်သူများ လူနေမှုဘဝ ဖွံ့ဖြိုးတိုးတက်လာခြင်း၊ စုပေါင်းပါဝင် ဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာခြင်း၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် စည်းလုံးညီညွတ်မှုအားကို ရရှိစေခြင်းနှင့် စွန့်ပစ်အမှိုက်များကြောင့် ကျန်းမာရေး ဘေးထွက်ဆိုးကျိုးများကို လျော့နည်းသွားစေခြင်း စသည့်အကျိုးကျေးဇူးများကို ရရှိစေမည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေး ပြောကြားသည်။ 

 

alk3

 

၎င်းနောက် ဒုတိယဦးစီးမှူးနှင့် ဝန်ထမ်းများအဖွဲ့က ရေစကြိုမြို့နယ် ရွာသစ်ကျေးရွာရှိ ကျေးရွာနေပြည်သူများနှင့် ပူးပေါင်း၍ သန့်ရှင်းသာယာလှပရေးအတွက် ကျေးရွာအဝင်လမ်း၌ မလွတ်ကင်းသည့် သစ်ပင်သစ်ကိုင်းများနှင့် ခြုံနွယ်ပိတ်ပေါင်းများအား ခုတ်ယူရှင်းလင်းခြင်း၊ ကျေးရွာတွင်းလမ်းများရှိ စွန့်ပစ်အမှိုက်သရိုက်များ ကောက်ယူရှင်းလင်းခြင်းနှင့် တံမြက်စည်းလှဲခြင်းလုပ်ငန်းများကို အမှိုက်သိမ်းယာဉ်ဖြင့် တစ်ပျော်တစ်ပါး စုပေါင်းရှင်းလင်းဆောင်ရွက်ကြပြီး သတ်မှတ်ထားသည့် အမှိုက်စွန့်ပစ်နေရာတွင် စနစ်တကျ စွန့်ပစ်ခဲ့ကြကြောင်း သိရသည်။ 

မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ကျေးရွာများ သန့်ရှင်းသာယာလှပရေးအတွက် ကျေးရွာစွန့်ပစ်အမှိုက် စီမံခန့်ခွဲမှုစနစ် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းကို ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ်မှ စတင်ကာ ကျေးရွာပေါင်း(၁၀)ရွာ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး ယခုအခါ ကျေးရွာနေပြည်သူများ (၂)ပတ်လျှင်တစ်ကြိမ် စုပေါင်းသန့်ရှင်းရေး ပြုလုပ်ဆောင်ရွက်လျက်ရှိကြောင်း ရေစကြိုမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်မာထံမှ သိရသည်။

ရဲဝင်းနိုင် (ညောင်ဦး)