ဟင်္သာတ ၃၀ ဧပြီ
ဟင်္သာတမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်လုပ်ငန်းများကို အင်တိုက်အားတိုက် လုပ်ကိုင်ဆောင်ရွက်လျက်ရှိရာ ရွာချင်းဆက် ကျေးရွာများဖြစ်သည့် လက်ပံစုကျေးရွာနှင့် ကုက္ကိုစုကျေးရွာတို့၌ ကျေးရွာ(၂)ရွာ ပူးပေါင်းပြီး ရောဂါကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို ဆောင်ရွက်ထားကြောင်း သိရသည်။
ရွာက (၂)ရွာဆက်နေတော့ ရွာထိပ်နှစ်ဘက်မှာ အသိပေးဆိုင်းဘုတ်တွေထားတယ်၊ လက်ဆေးဘို့ ရေနဲ့ဆပ်ပြာတွေထားတယ်၊ နှာခေါင်းစည်း mask တပ်လာမှဝင်ရဘို့ ပြောတယ်၊ နှာခေါင်းစည်းမပါရင် ဝယ်ထားတဲ့ဈေးအတိုင်းရောင်းပေးပီး တပ်သွားဖို့တွေစတဲ့ တတ်နိုင်တဲ့ဘက်ကနေ ရောဂါကာကွယ် ရေးလုပ်ငန်းတွေ ဆောင်ရွက်နေတာဖြစ်ကြောင်း ဦးဆောင်သူ ကိုနိုင်ဦး ထံကသိရသည်။
အဆိုပါကျေးရွာများတွင် ပြည်ပ၊ ပြည်တွင်းပြန်များ ရောက်ရှိပါက (၂၁)ရက် စောင့်ကြည့်စင်တာ ထားရှိရန် နေရာများကို သတ်မှတ်ရွေးချယ်ထားသည်။
ထို့အပြင် ဟင်္သာတမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက ထုတ်ပြန်ထားသည့် ညမထွက်ရအမိန့်ကို လိုက်နာမှုရှိရေးအတွက် သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရပ်ရွာ အကျိုးဆောင်ရွက်သူများက ကင်းလှည့်စစ်ဆေးခြင်းများကို ညစဉ်ဆောင်ရွက်လျက်ရှိပြီး နေ့နှင့်ည အလှည့်ကျစနစ်ဖြင့် တာဝန်ခွဲဝေ၍ ရပ်ရွာလုံခြုံရေးနှင့် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို ပူးပေါင်း ဆောင်ရွက်ထားကြောင်း သိရှိရသည်။
ကျော်ကျော်(ပြန်/ဆက်)


