ကော့ကရိတ်၊    ၂၉   ဒီဇင်ဘာ

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည် ဖော် ဆောင်ရွက်လျက်ရှိသော လူထုဗဟိုပြုစီမံကိန်း တတိယနှစ်စက်ဝန်း ရေပူကြီးကျေးရွာအုပ်စု လေးတိုင်ကျေးရွာ၌ ဒီဇင်ဘာ  ၂၈  ရက် မွန်းလွဲပိုင်းက ကျေးရွာမီးလင်းရေးလုပ်ငန်းများအား တာဝန်ယူဆောင်ရွက်မည့် ကန်ထရိုက်တာရွေးချယ်ခြင်းအတွက် ဝယ်ယူရေးနည်းလမ်းအကဲဖြတ် အစည်းအဝေးကို ပြုလုပ်ခဲ့သည်။

ထိုအစည်းအဝေးတွင် ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာန လူထုဗဟိုပြုစီမံကိန်းအဖွဲ့ ခေါင်းဆောင် ဦးစောဟိန်းမင်းနှင့် မြို့နယ်နည်းပညာအကြံပေးအဖွဲ့ခေါင်းဆောင် ဦးစောသန်းစိုးတို့က အဖွင့်အမှာစကား ပြောကြားပြီး ပြည်နယ်အင်ဂျင်နီယာ အကြံပေး ဒေါ်သန္တာသက်က စီမံကိန်း အကောင်အထည်ဖော်မည့် လုပ်ငန်းသဘောတရားများကို ရှင်းလင်းသည်။ ကျေးရွာကော်မတီဝင် များသည် ကန်ထရိုက်တာများ၏ အဆိုတင်သွင်းလာသော စာအိတ်များအား အများပြည်သူရှေ့တွင် ဖွင့်ဖောက်ကြေညာခြင်း၊ ကျေးရွာကော်မတီဝင်များနှင့် စီမံကိန်းတာဝန်ရှိသူများက ဝယ်ယူရေး စည်းမျဉ်း စည်းကမ်းများနှင့်အညီ နည်းပညာများ စိစစ်ခြင်း၊ အမှတ်ပေးခြင်းဖြင့် ဈေးနှုန်းများ ဖော်ပြနှိုင်းယှဉ်လျက် ကျေးရွာကော်မတီဝင်များမှ ထိုအချက်များပေါ် အခြေခံ၍ လုပ်ငန်းရှင်များအား ရွေးချယ်ခြင်း အစီအစဉ်များ ပြုလုပ်ဆောင်ရွက်ခဲ့ကြပါသည်။

ထိုကဲ့သို့ စီမံကိန်းလုပ်ငန်းဆောင်ရွက်ချက်များနှင့်အညီ ရွေးချယ်ပြီးစီးပါက စီမံကိန်းအကောင် အထည် ဖော်ဆောင်ရွက်မည့် ရေပူကြီးကျေးရွာအုပ်စုအတွင်းရှိ လေးတိုင်ကျေးရွာနှင့် ကော့ဝါလဲအုပ်စုအတွင်းရှိ အေးချမ်းသာယာ၊ ပိတောက်ကုန်း၊ နောင်တမံ ကျေးရွာများတွင် လျှပ်စစ်မီးကြိုးတပ်ဆင်ခြင်း လုပ်ငန်များ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ခင်မျိုးဝင်း(ခရိုင်ပြန်/ဆက်)