လှိုင်းဘွဲ ၈ ဩဂုတ်
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်နေသော ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း(VRFP)နှင့် Cash For Work စီမံကိန်းရန်ပုံငွေ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသိန်းက အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစောအောင်မျိုးမြင့်က နိုင်ငံတော်မှ ချမှတ်ထားသော ကိုဗစ်ကာလ စီးပွားရေးကုစားမှုအစီအစဉ် COVID–19 Economic Relief Plan (CERP)အရ ကျေးလက်ဒေသနေမိသားစုများ ဝင်ငွေလျော့နည်း လာမှုနှင့် စားဝတ်နေရေး အခက်အခဲများကို ကုစားပေးနိုင်ရန်အတွက် စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဆောင်ရွက်နေသော ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း(VRFP)နှင့် Cash For Work စီမံကိန်းကျေးရွာ များအတွက် ရန်ပုံငွေ လွှဲပြောင်းပေးအပ်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထိုနောက် ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း(VRFP) ကျေးရွာ(၉)ရွာအတွက် ရန်ပုံငွေသိန်း(၂၄၀၀)၊ Cash For Work စီမံကိန်းကျေးရွာ (၂၅)ရွာအတွက် ကျပ်သိန်း(၂၅၀၀)၊ စုစုပေါင်းရန်ပုံငွေ ကျပ်သိန်း (၄၉၀၀)အား တာဝန်ရှိသူများက ကျေးရွာအုပ်ချုပ်ရေးမှူးများထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ခင်စန်းမြင့် (ပြန်/ဆက်)