ဝန်းသို ၄ အောက်တိုဘာ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်၌ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ (CERP) စီပွားရေးကုစားမှုအစီအစဉ်အရ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း( VRFP) ကို ကျေးရွာပေါင်း(၆)ရွာတွင် အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိရာ အဆိုပါစီမံကိန်း လုပ်ငန်းဆောင် ရွက်ရာတွင် အမျိုးသမီးဦးဆောင်သော အိမ်ထောင်စုများက ပိုမိုပါဝင် လုပ်ကိုင်လျက်ရှိကြောင်း မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်းထံမှ သိရသည်။
ဝန်းသိုမြို့နယ်အတွင်း အိမ်ခြေ(၁၀၁)အိမ်နှင့်အထက် ကျေးရွာ (၅)ရွာတွင် တစ်ရွာလျှင် မတည်ရန်ပုံငွေ ငွေကျပ်သိန်း(၃၀၀)ဖြင့်လည်းကောင်း၊ အိမ်ခြေ (၅၁) အိမ်နှင့် အိမ်ခြေ(၁၀၀)ကြား ကျေးရွာ တစ်ရွာတွင် စီမံကိန်းမတည်ရန်ပုံငွေ ငွေကျပ်သိန်း ၂၀၀ ဖြင့်လည်းကောင်း စုစုပေါင်းကျေးရွာ ၆ရွာတွင် ငွေကျပ်သိန်း ပေါင်း ၁၇၀၀ ဖြင့် စိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်သူ(၂၀၈) ဦး၊ မွေးမြူရေးလုပ်ငန်းဆောင်ရွက်သူ(၁၄၂)ဦး၊ အသေးစားအရောင်းအဝယ်လုပ်ငန်းဆောင်ရွက်သူ(၂၂)ဦး၊ ကုန်ထုတ်လုပ်ငန်းဆောင်ရွက်သူ (၁၁)ဦးတို့က အသေးစားစီးပွားရေးလုပ်ငန်းများကို လုပ်ကိုင် ဆောင်ရွက်လျက်ရှိသည်။
အဆိုပါစီမံကိန်းလုပ်ငန်းဆောင်ရွက်နေသည့် ကျေးရွာ ၆ ရွာတွင် လုပ်ကွက်ငယ်တောင်သူနှင့် အသေးစား စီးပွားရေးလုပ်ငန်းလုပ်ကိုင်သူများကို စီးပွားရေးကုစားပေးရာတွင် အမျိုးသားဦးဆောင်သော အိမ်ထောင် စု(၁၇၅)စု၊ အမျိုးသမီး ဦးဆောင်သော အိမ်ထောင်စု (၂၀၉)စုတို့က စီမံကိန်းမှချေးငွေရယူ လုပ်ကိုင်လျက်ရှိပြီး အမျိုးသမီးဦးဆောင်သော အိမ်ထောင်စုများက ပိုမိုပါဝင်၍ စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကျော်မြိုင် (ပြန်/ဆက်)


