ဗန်းမော် ၁၁ စက်တင်ဘာ

 

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်အတွင်းရှိ မံမလင်းကျေးရွာအုပ်စုမှ ကျေးရွာနေပြည်သူများ၏ လိုအပ်ချက်များအား အချိန်တိုအတွင်း၌ ဖြည့်ဆည်းပေးနိုင်ရန် ပြည်သူ့ဝန်ဆောင်မှုရုံး (One Stop Shop) ကို စက်တင်ဘာ ၁၁ ရက် နံနက်ပိုင်းက ဗန်းမော်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးမြင့်လှိုင်က ဦးဆောင်သော မြို့နယ်အဆင့် ဌာနဆိုင်ရာများအား ကျေးရွာအရောက် ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။

 

ထို့သို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇော်သင်းနှင့် ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွေးမြင့်တို့က လိုက်ပါ၍ ဗန်းမော်မြို့နယ် မံမလင်းကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ မံမလင်းကျေးရွာ၊ ရေလဲ၊ မိုးစိမ်းကျွန်း၊ ထီးလင်း၊ သာယာကုန်းကျေးရွာနှင့် ပါပေါင်းကျေးရွာအုပ်စုတို့မှ ဒေသခံပြည်သူများနှင့် တွေ့ဆုံပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမြင့်လှိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ပညာရေးကဏ္ဍ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍများကို ဌာနအလိုက် အသိပညာပေး ရှင်းလင်းပြောကြားကာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြသည်။ 

 

ယင်းနောက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဗန်းမော်မြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးဘောက်နော်နှင့် ဝန်ထမ်းများက ဒေသခံပြည်သူများ၏ အိမ်ထောင်စုခွဲခြင်း၊ အိမ်ထောင်စုမိတ္တူ၊ မွေးတိုး၊ သေဆုံးစာရင်းများကို ဆောင်ရွက်ပေးခြင်းနှင့် ဗန်းမော်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျေးရွာနေပြည်သူများအား ဗဟုသုတတိုးပွားစေရန်အတွက် စာအုပ်စာစောင်များကို ခင်းကျင်းပြသပေးကာ ဒေသခံပြည်သူများက စိတ်ဝင်စားစွာ ဖတ်ရှုလေ့လာခဲ့ကြသည်။

 

“အခုလို ရွာအရောက်လာရောက်ပြီး ကျွန်တော်တို့ ကျေးရွာသူကျေးရွာသားရဲ့ လိုအပ်ချက်တွေကို ကွင်းဆင်းဆောင်ရွက်ပေးတော့ အရမ်းဝမ်းသာပါတယ်၊ အခုမိုးတွင်းမှာ ဗန်းမော်မြို့ကို စက်လှေနဲ့ပဲသွားရတယ်၊ သွားလို့အဆင်မပြေဘူး”ဟု ဒေသခံပြည်သူတစ်ဦးက ပြောသည်။

 

ခရိုင်(ပြန်/ဆက်)