နေပြည်တော် ဖေဖော်ဝါရီ ၁၆
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှာ တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် ကျေးရွာတစ်ရွာချင်းစီ၏ ဖွံ့ဖြိုးမှုအဆင့်အတန်း ကိုသိရှိနိုင်စေရန်၊ ကျေးရွာများ၏ဖွံ့ဖြိုးရေးဆိုင်ရာ လိုအပ်ချက်များဖော်ထုတ်၍ ဦးစားပေးဆောင် ရွက်ရမည့် ကျေးရွာများသတ်မှတ်နိုင်စေရန်နှင့် ဘဏ္ဍာငွေရရှိမှုပေါ်မူတည်၍ ဦးစားပေးအဆင့် အလိုက် ထိထိရောက်ရောက် ဆောင်ရွက်ပေးနိုင်ရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး သန်လျင် မြို့နယ် ရုံးသပြေကန်ကျေးရွာ၌ ကျေးရွာဖွံ့ဖြိုးရေးဆိုင်ရာ လေ့လာမှုစစ်တမ်းများကို လက်တွေ့ ကွင်းဆင်းကောက်ယူကြသည်။
ထိုသို့ကွင်းဆင်းကောက်ယူရာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်)မှ ဒုတိယညွှန်ကြားရေးမှူး ဦးဉာဏ်ဝင်းပိုင်နှင့် တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူး ၏ အနီးကပ်ကြီးကြပ်မှုဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်(၁၅)ခု၏ ကွပ်ကဲမှုအောက်ရှိ ခရိုင်၊ မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနများမှ ဝန်ထမ်း(၄၄)ဦးနှင့်အတူ သန်လျင်မြို့ နယ် ရုံးသပြေကန်ကျေးရွာသို့ သွားရောက်၍ မြေပြင်ကွင်းဆင်း၍ ဖွံ့ဖြိုးရေးဆိုင်ရာကဏ္ဍ အလိုက် ဦးတည်အုပ်စုများကို တစ်ဦးချင်း မေးမြန်းဆွေးနွေးကာ အချက်အလက်များ လက်တွေ့ ကောက်ယူ ခြင်း၊ ကောက်ယူရရှိသော အချက်အလက်များကို ပြန်လည်စိစစ်အတည်ပြုခြင်း ဆောင်ရွက်ကြသည်။
ထို့နောက် စစ်တမ်းအားမြေပြင်ကွင်းဆင်းကောက်ယူရာတွင် တွေ့ကြုံရသည့် အခက်အခဲများ၊ အားသာချက်၊ အားနည်းချက်များကို ဝိုင်းဝန်းဆွေးနွေးကြပြီး လေ့လာမှုဆိုင်ရာ စစ်တမ်းတွင် လိုအပ်သောအချက်အလက်များ ပြင်ဆင်ဖြည့်စွက်ခြင်း ကောက်ယူရရှိသော အချက်အလက်များကို ကွန်ပျူတာ Software တွင် ဖြည့်သွင်းခြင်း၊ အစီရင်ခံစာပြုစုရေးသားခြင်း လုပ်ငန်းများကို ဆောင်ရွက်ကြသည်။
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ကျေးရွာဖွံ့ဖြိုးရေးဆိုင်ရာလေ့လာမှု စစ်တမ်းများကောက်ယူခြင်းကို နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ကျေးရွာ(၈၃၂)ရွာ၌ အချက် အလက်များကို မြေပြင်ကွင်းဆင်းကောက်ယူခြင်း၊ ကောက်ယူရရှိ သောအချက်အလက်များအား စိစစ်ခြင်း၊ အစီရင်ခံစာပြုစုရေးသားခြင်းလုပ်ငန်းများကို ဆောင်ရွက်နိုင်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်