လေးမျက်နှာ ၂၉ ဇန်နဝါရီ
ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP) လုပ်ငန်းများအကြောင်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကျေးရွာကော်မတီ ဖွဲ့စည်းခြင်းလုပ်ငန်းကို ယနေ့ နံနက် ၁၀ နာရီက ချင်းလယ်ကျေးရွာအုပ်စု ချင်းလယ်ကျေးရွာတွင် ပြုလုပ်ခဲ့ကြောင်း မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။
အဆိုပါ စီမံကိန်းကို လေးမျက်နှာမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်၊ ခွင့်ပြုငွေ ကျပ်သိန်း (၃၀ဝ)ဖြင့် စီမံကိန်းဝင် ကျေးရွာ(၃)ရွာဖြစ်သည့် ခချင်းလယ်ကျေးရွာ ကွန်ကရစ်တံတား ဆောက်လုပ်ခြင်းလုပ်ငန်း၊ ကွမ်းခြံကုန်းကျေးရွာ ကွန်ကရစ် လမ်းခင်းခြင်းလုပ်ငန်း၊ လက်သမားကရင်ကျေးရွာ ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
စီမံကိန်းမှ ကျေးလက်လမ်း၊ တံတား၊ သောက်သုံးရေရရှိရေး၊ ပညာရေး ကျန်းမာရေး အထောက်အကူပြု လုပ်ငန်းများနှင့် ကျေးလက်လျှပ်စစ်မီးလင်းရေး လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည် ဖြစ်သည်။
လုပ်ငန်းရွေးချယ်ရာတွင် သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များ၊ အုပ်ချုပ်ရေး အဖွဲ့အစည်းများနှင့် ကျေးရွာသူ ကျေးရွာသားများက ညှိနှိုင်းဆွေးနွေး ရွေးချယ်ပြီး ကျေးရွာကော်မတီများ ဖွဲ့စည်းကာ ပြည်သူများ၏ ထည့်ဝင်လှူဒါန်းငွေများဖြင့် ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ပြီး လုပ်ငန်းအတွက်လိုအပ်သည့် နည်းပညာအကူညီများကို ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
MDN