မကွေး ၁၄ မတ်
မကွေးတိုင်းဒေသကြီး မကွေးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ၂၀၁၉-၂၀၂၀ခု ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာ(၁၆)ရွာ တို့အား စီမံကိန်း ထောက်ပံ့ရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီ အချိန်က အဆိုပါ ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မကွေးမြို့နယ် အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဌေး၊ အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ချိုလတ်နှင့် မကွေးမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင် တို့က အဖွင့်အမှာစကားပြောကြားသည်။
ဆက်လက်၍ မကွေးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်စိုးက ရန်ပုံငွေလွှဲပြောင်းပေးအပ်ရခြင်း ရည်ရွယ်ချက်နှင့် စီမံကိန်းလုပ်ငန်းစဉ်များ အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ကျေးရွာသူ ကျေးရွာသားများ အနေဖြင့် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်မည့် ခိုင်း၊ မြင်းကင်း၊ လက်ပုတို၊ ရွာဟောင်းကန်၊ ကန်းပြား(ရ)၊ ဂွေးတောက်စမ်း၊ ကဒေါင်းကြီး၊ ယင်းမာတော၊ ယင်းကွေ့ချောင်း၊ လင့်မြင့်၊ လိပ်ကန်၊ ထုံးပေါက်တော(မ)၊ ရေခါး၊ စမ်းမကြီး၊ ဖလံတော၊ မကြီးကန် စသည့် ကျေးရွာ ၁၆ ရွာမှ ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင်များအား တာဝန်ရှိသူများက ကျေးရွာတစ်ရွာလျှင် စီမံကိန်းထောက်ပံ့ရန်ပုံငွေ ကျပ်သိန်း ၁၀၀ စီ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
သန်းလွင်(မကွေး)