ရေနံချောင်း          ဇူလိုင်          ၂၁

မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ် ဘူးကျွန်းကျေးရွာတွင် ကျောင်းသားကျောင်းသူများ စိတ်အေးချမ်းစွာ ပညာသင်ကြားနိုင်ရေးအတွက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး(VDP)စီမံကိန်းဖြင့် စာသင်ကျောင်းဆောင်သစ် အကောင်အထည်ဖော် တည်ဆောက်ပြီးစီးမှုကို  မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက လုပ်ငန်းအရည်အသွေး ပြည့်မီမှု ရှိ/ မရှိ ယနေ့ နံနက် နာရီတွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။

အဆိုပါ စာသင်ကျောင်းကို ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး (VDP)စီမံကိန်းရန်ပုံငွေ ကျပ်(၁၀)သန်း၊ ကျေးရွာပြည်သူလူထု ထည့်ဝင်ငွေကျပ် ( ၀ ဒသမ ၂၃၉၂၇ )သန်းဖြင့် အလျားပေ ၄၀ အနံပေ ၃၀ အမြင့် ၁၂ ပေရှိ တစ်ထပ်စာသင်ကျောင်းဆောင်သစ်အား ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။

ဆက်လက်ပြီး မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ကျောင်းသားကျောင်းသူများ စိတ်အေးချမ်းစွာ ပညာသင်ကြားနိုင်ရေးအတွက် တည်ဆောက်ပေးခြင်းဖြစ်၍ ကျောင်းဆောင်သစ်အား ရေရှည်တည်တံ့ ကောင်းမွန်အောင် ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်သွားကြရန် တာဝန်ရှိသူများအား ဆွေးနွေးမှာကြားခဲ့သည်။

ရေနံချောင်းမြို့နယ် ဘူးကျွန်းကျေးရွာတွင် အိမ်ခြေ ၆၃ အိမ် လူဦးရေ ၃၀၀ ကျော် နေထိုင်လျက်ရှိကာ ဘူးကျွန်းကျေးရွာနှင့် အနီးဝန်းကျင်ကျေးရွာများမှ ကျောင်းနေအရွယ်ကလေးများ စိတ်အေးချမ်းစွာ တက်ရောက်ပညာသင်ကြား နိုင်မည်ဖြစ်ကြောင်း ရေနံချောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအေးထွန်းမင်းထံက သိရသည်။

ရေနံချောင်းမြို့နယ်တွင် ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာရေးနှစ်မှ စတင်ကာ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး(VDP) စီမံကိန်းလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယခု ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းလုပ်ငန်း ၇၅ ခု အကောင်အထည်ဖော် ဆောင်ရွက်  နိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။  

သတင်းပေးပို့သူ - ဦးရဲဝင်းနိုင်