နတ်မောက် ၁ မတ်
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် သစ်တောဦးစီးဌာနမှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ၂၀၁၉ ခုနှစ် မိုးရာသီတွင် တည်ထောင်စိုက်ပျိုးခဲ့သည့် ကျေးရွာထင်းစိုက်ခင်း ၂၀ ဧကအား နတ်မောက်မြို့နယ် နတံခွန်တိုင်ကျေးရွာသို့ လွှဲပြောင်းပေးအပ်ပွဲကို ယမန်နေ့ ညနေ ၄ နာရီက အဆိုပါစိုက်ခင်းတွင် ကျင်းပခဲ့သည်။
အဆိုပါ စိုက်ခင်းလွှဲပြောင်းပွဲတွင် မြို့နယ်သစ်တောဦးစီးဌာန ဦးစီးမှူး ဦးသက်ဝေအောင်က သစ်တော စိုက်ခင်းများ၏ ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းပြောကြားကာ တောမီးကာကွယ်ရေးနှင့် စိုက်ခင်းအား စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်ကြရန် ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးသောင်းရွှေ၊ မြို့နယ် သစ်တောဦးစီးဌာန ဦးစီးမှူး ဦးသက်ဝေအောင်တို့က ကျေးရွာထင်းစိုက်ခင်း (၂၀)ဧက၏ စာရွက်စာတမ်းများကို နတံခွန်တိုင်ကျေးရွာ အုပ်ချုပ်ရေးမှူးထံ လွှဲပြောင်းပေးအပ်ခဲ့သည်။
အဆိုပါ ထင်းစိုက်ခင်း ၂၀ ဧကတွင် ယူကလစ်အပင် စုစုပေါင်း ၂၄၂၀၀ ပင် စိုက်ပျိုးထားကြောင်း သိရသည်။
လှဝင်း(နတ်မောက်)


