မုံရွာ ၉  ဒီဇင်ဘာ

 

စစ်ကိုင်းတိုင်းဒေသကြီးတွင် အပူပိုင်းဇုန်အတွင်းသို့ ကျရောက်လျက်ရှိသော ခရိုင်(၄)ခုရှိမြို့နယ်(၁၂) မြို့နယ်တွင် ထင်းလောင်စာသုံးစွဲမှု စနစ်ကျစေရေးအတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း ကျေးရွာသုံး ထင်းစိုက်ခင်း (၅၈၈) ဧကကို တည်ထောင်စိုက်ပျိုးပေးသွားမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်း ဒေသကြီး အပူပိုင်း ဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဘလွင်ဦး၏ ပြောကြား ချက်အရ သိရသည်။

 

ကျေးရွာသုံး ထင်းစိုက်ခင်းများကို ကျေးရွာပိုင် မြေများပေါ်တွင် စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီး စိုက်ပျိုး ပေးမည်ဖြစ်ပြီး အပင်များရှင်သန်ချိန်တွင် သက်ဆိုင်ရာကျေးရွာများသို့ လွှဲပြောင်း ပေးမည်ဖြစ်ကာ  ၎င်းစိုက်ခင်းများကို ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များမှ စနစ်တကျစီမံ၍ အပင်များကြီးထွားချိန်၌ စိုက်ခင်းအား ပျက်စီးမှုမရှိစေဘဲ မိမိတို့အစီအစဉ်ဖြင့် ထုတ်ယူသုံးစွဲနိုင်ရန် စီစဉ်ပေးခြင်းဖြစ်ကြောင်း သိရသည်။

 

၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း စစ်ကိုင်းတိုင်းဒေသကြီးရှိ အပူပိုင်းဇုန်အတွင်းသို့ ကျရောက်လျက် ရှိသော ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ် (၅)မြို့နယ်တွင် (၂၄၅)ဧကအားလည်းကောင်း၊ မုံရွာခရိုင်အတွင်းရှိ မြို့နယ် (၂)မြို့နယ်တွင် ဧက(၇၀) အားလည်းကောင်း၊ စစ်ကိုင်းခရိုင် အတွင်းရှိ မြို့နယ်(၂)မြို့နယ်တွင် (၁၀၈) ဧကနှင့် ယင်းမာပင်ခရိုင်အတွင်းရှိ မြို့နယ် (၃)မြို့နယ်တွင် (၁၆၅)ဧက၊ စုစုပေါင်း မြို့နယ် (၁၂)မြို့နယ်အတွင်း ကျေးရွာသုံးထင်းစိုက်ခင်း (၅၈၈)ဧကအား စိုက်ပျိုးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ဝင်းဦး(ဇေယျာတိုင်း)