ချောင်းဦး ၈ သြဂုတ်
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ် ဘလွေကျေးရွာတွင် ကျေးရွာနေပြည်သူများ အသုံးပြုလျက်ရှိသော သောက်သုံးရေကန်အား ပြန်လည်ပြုပြင် ဆယ်ယူခြင်းလုပ်ငန်းများ လုပ်ဆောင်လျက်ရှိကြောင်း ချောင်းဦးမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံးမှ သိရသည်။
“ဒီကန်ကို ရေဝင်ရောက်မှု နည်းတာ နှစ်အတော်ကြာနေပြီ၊ ရေသိုလှောင်မှု ပမာဏနည်းလာတော့ ကျေးရွာအတွက် လိုအပ်တဲ့သောက်ရေက နှစ်စဉ်မလုံလောက်ဖြစ်လာတယ်၊ အသုံးပြုနေတာ ရေကန်ကြီးကတော့ သောက်ရေအဖြစ်အသုံးပြုနေတာပါ၊ ဒါကြောင့် အခုမိုးရာသီမှာ ရေကန်ထဲမှာ ရေသိုလှောင်မှုပမာဏ အခုထက်ပိုပြီး သိုလှောင်နိုင်ဖို့အတွက် ပြန်လည်ပြုပြင်ခြင်း လုပ်ငန်းတွေကို လုပ်ဆောင်ပေးတာ ဖြစ်တယ်” ဟု ချောင်းဦးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်စိုးဝင်းက ပြောသည်။
ဘလွေကျေးရွာရှိ အလျား(၄၀ဝ)ပေ၊ အနံ(၂၀ဝ)ပေရှိ ၎င်းသောက်သုံးရေကန်အား စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဆင်းရဲမှုလျော့ချရေး ရန်ပုံမှငွေကျပ် (၆၇ ဒသမ ၄)သန်း အကုန်အကျခံပြီး ပြန်လည်ပြုပြင်တူးဖော်ခြင်း လုပ်ငန်းအား သြဂုတ်လ(၄)ရက်နေ့တွင် စတင်လုပ်ဆောင်လျက်ရှိရာ ယခုအခါတွင် လုပ်ငန်းအားလုံး၏ (၂၀)ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း သိရသည်။
ဝင်းဦး(ဇေယျာတိုင်း)


