ချောင်းဦး ၁၇  စက်တင်ဘာ 
    

စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့နယ်အတွင်းရှိ ဘလွေကျေးရွာ၊ နတ်ရေကန်ကျေးရွာနှင့် ကိုးတောင် ကန်ကျေးရွာတို့ လုပ်ဆောင်လျက်ရှိသော ကျေးလက်သောက်သုံးရေ ရရှိရေးလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီပြီဖြစ်ကြောင်း ချောင်းဦးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်စိုးဝင်း၏ ပြောကြားချက်အရ သိရသည်။
    

ယခုနှစ်နွေရာသီတွင် သောက်သုံးရေပြတ်လပ်မှုများ ဖြစ်ပေါ်ခဲ့သဖြင့် သောက်သုံးရေထောက်ပံ့မှုများ လုပ်ဆောင်ပေးခဲ့ရသည့် ကျေးရွာများကို လာမည့်နှစ်များတွင် သောက်သုံးရေပြတ်လပ်မှုမဖြစ်စေရေး စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ဆင်းရဲမှုလျော့ချရေးရန်ပုံငွေဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးကြပ်ပြီး မြေသားကန်ပြန်လည်တူးဖော်ခြင်း၊ စက်ရေတွင်းများပြန်လည်ဆည် ယူခြင်းနှင့်ရေစင်များဆောက်လုပ်ခြင်းနှင့် ရေစုပ်စက်၊ ပန့်များပြန်လည်တပ်ဆင်ပေးခြင်း လုပ်ငန်းများကို လုပ်ဆောင်ပေးခြင်းဖြစ်ကြောင်း သိရသည်။
    

ကျေးလက်ဒေသရေရရှိရေး လုပ်ဆောင်ပေးမှုအနေဖြင့် ချောင်းဦးမြို့နယ် ဘလွေကျေးရွာတွင် အလျား(၄၀ဝ)ပေ၊ အနံ(၂၀ဝ)ပေ၊ အမြင့် (၂)ပေ(၆)လက်မရှိ မြေသားရေကန်တူးဖော်ခြင်းလုပ်ငန်းအား လည်းကောင်း၊ နတ်ရေကန်ကျေးရွာရှိ (၆)လက်မစက်ရေတွင်းတွင် အီတလီပန့်တပ်ဆင်ခြင်းလုပ်ငန်းအား လည်းကောင်း၊ ကိုးတောင်ကန်ကျေးရွာတွင် ရေဂါလန် (၂၄၀ဝ)ဆန့် အမြင့်တင်ရေစင်ဆောက်လုပ်ခြင်းနှင့် မြင်းကောင်ရေ (၂၅)ကောင်ရေစုပ်စက်နှင့်ရေမြှုပ်ပံ့တပ်ဆင်ခြင်းနှင့် 10 kw ဒိုင်နမိုတပ်ဆင်ခြင်း လုပ်ငန်းများကို လုပ်ဆောင်ပေးခြင်းဖြစ်ကြောင်း သိရသည်။
                                            

ဝင်းဦး(ဇေယျာတိုင်း)