နေပြည်တော် ၇ ဇွန်

ကျေးရွာထင်းစိုက်ခင်း ဥပဒေ/နည်းဥပဒေအပေါ် ခွဲခြမ်းစိတ်ဖြာမှု ရလဒ်များအား အကြံပြု ဆွေးနွေးခြင်း အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ တုံဂပူရီဟိုတယ်၌ ကျင်းပသည်။

အလုပ်ရုံဆွေးနွေးပွဲတွင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက မြန်မာနိုင်ငံ၏ သစ်တောသယံဇာတများသည် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်အတွက် အရေးပါသကဲ့သို့ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမွဲတေ မှုလျော့နည်းပပျောက်ရေးအတွက်လည်း အထူးအရေးပါကြောင်း၊ နိုင်ငံတော်စုစုပေါင်းလူဦးရေ၏ (၇၀) ရာခိုင်နှုန်းကျော်သည် ကျေးလက်ဒေသနေပြည်သူများဖြစ်ပြီး လူမှုစီးပွားရေးအတွက် သစ်တောများကို မှီခိုနေကြရကြောင်း၊ နိုင်ငံတော်တွင် အိမ်ထောင်စုပေါင်း ၁၁ သန်းခန့် ရှိသည့် အနက် ၈၁ ရာခိုင်နှုန်းကျော်သည် လောင်စာအတွက် ထင်းနှင့်မီးသွေးကို အသုံးပြုနေပြီး နေအိမ် အဆောက်အဦအတွက်လည်း သစ်နှင့်ဝါးကို အသုံးပြုနေကြရသဖြင့် သစ်တောများကို မဖြစ်မနေ မှီခိုနေသည်ကို တွေ့ရှိရကြောင်း။

စိုက်ပျိုးရေးလုပ်ငန်းများချဲ့ထွင်ခြင်း၊ မြို့ပြများဖွံ့ဖြိုးတိုးချဲ့လာခြင်း၊ ထင်းလောင်စာ လိုအပ်ချက်မြင့်မားလာခြင်း၊ သစ်အလွန်အကျွံထုတ်ခြင်း၊ တရားမဝင်သစ်ထုတ်ခြင်း စသည့်အချက်များကြောင့် သစ်တောသယံဇာတများ လျော့နည်းကျဆင်းလျက်ရှိပါကြောင်း၊ ကမ္ဘာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ ( FAO )၏ သစ်တောသယံဇာတ ဆန်းစစ်ချက် အစီရင်ခံစာ (FRA - 2015) အရ မြန်မာနိုင်ငံ၏ သစ်တောဖုံးလွှမ်းမှုသည် နိုင်ငံဧရိယာ၏ ၄၂ ဒသမ ၉၂ ရာခိုင်နှုန်းရှိပြီး ၂၀၁၀ ခုနှစ်နှင့် ၂၀၁၅ ခုနှစ်အကြား နှစ်စဉ်သစ်တောပြုန်းတီးမှုနှုန်းသည် ၁ ဒသမ ၇၂ ရာခိုင်နှုန်းအထိ ရှိခဲ့ပါကြောင်း၊

ပြည်သူလူထုအတွက် မရှိမဖြစ်လိုအပ်လျက်ရှိသည့် ထင်း၊ လောင်စာနှင့် အခြေခံသစ်တော ထွက်ပစ္စည်းများအတွက် ကျေးရွာထင်းစိုက်ခင်းများ လိုအပ်လျက်ရှိသည်ကို တွေ့ရမည်ဖြစ် ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ကျေးရွာထင်းစိုက်ခင်းတည်ထောင်ခြင်းကို ၁၉၈၁-၈၂ ခုနှစ်မှ စတင်ခွင့်ပြုခဲ့ရာ စုစုပေါင်းဧက လေးသိန်းခြောက်သောင်းကျော် (၄၆၁,၉၄၄) ဆောင်ရွက်ခွင့်ပြုခဲ့ပြီး ဖြစ်ပါကြောင်း၊ ကျေးရွာထင်းစိုက်ခင်းများသည် ကျေးရွာများအတွက် ထင်းလောင်စာလိုအပ်ချက် ဖြည့်ဆည်းပေးနိုင်ခဲ့ပြီး ကျေးရွာအတွက် ရေရှည်အကျိုးဖြစ်ထွန်းမည့် စိုက်ခင်းများလည်းဖြစ်ကြောင်း။

အခြားတစ်ဖက်တွင်လည်း ဒေသခံပြည်သူများ၏ စားဝတ်နေရေးလိုအပ်ချက်ဖြစ်သည့် ထင်းလောင်စာနှင့် သစ်တောထွက်ပစ္စည်းများ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် ဒေသခံ ပြည်သူအစုအဖွဲ့ပိုင်သစ်တောများကို ၂၀၃၀ပြည့်နှစ်မှာ ဧရိယာဧက (၂ ဒသမ ၂၇)သန်းအထိ တည်ထောင်ရန် ရည်မှန်းချက်ထား အကောင်အထည်ဖေါ် ဆောင်ရွက်လျက်ရှိကြောင်း။

၂၀၁၉ ခုနှစ် မေ ပထမပတ်တွင် စားနပ်ရိက္ခာဖူလုံမှု ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (Food Security Working Group-FSWG) နှင့် သစ်တောဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ တွေ့ဆုံ၍ ကျေးရွာထင်းစိုက်ခင်း ဥပဒေ၊ နည်းဥပဒေအပေါ်၊ ခွဲခြမ်းစိတ်ဖြာမှုရလဒ်များအပေါ် ပေါင်းစပ်၍ ညှိနှိုင်းဆွေးနွေးခဲ့ကြရာတွင် ပြဌာန်းပြီး ကျေးရွာထင်းစိုက်ခင်း ဥပဒေ၊ နည်းဥပဒေများအပေါ်  ဖြည့်စွက်ပြင်ဆင် ပယ်ဖျက်သင့်သည့် အကြောင်းအရာများကို ယခုအလုပ်ရုံ ဆွေးနွေးပွဲတွင် ချပြဆွေးနွေးသွားမှာဖြစ်ကြောင်း၊ ကျေးရွာထင်းစိုက်ခင်း ဥပဒေနှင့် နည်းဥပဒေတွင် ပါဝင်သည့့် အခန်း အရေအတွက်နှင့် အခန်းခေါင်းစဉ်များ၊ အခန်းတစ်ခန်းချင်းအလိုက် ဘုံတူညီသော အကြောင်းအရာများကို ဖော်ထုတ်ဆွေးနွေးသွားမည်ဖြစ်သည့်အတွက် များစွာအကျိုးရှိစေ မည်ဖြစ်ကြောင်း။

အလုပ်ရုံဆွေးနွေးပွဲကို ပြည်သူလူထု၊ အစိုးရ၊ မိတ်ဖက်အဖွဲ့အစည်းများ ပူးပေါင်းဆောင် ရွက်မှုနှင့် ကျေးရွာထင်းစိုက်ခင်း ဥပဒေ/ နည်းဥပဒေအပေါ် ခွဲခြမ်းစိတ်ဖြာမှုရလဒ်များအား အကျိုးဆက်စပ်ပတ်သက်သူများ သိရှိလာစေပြီး ခေတ်နှင့်လျော်ညီသည့် ကျေးရွာထင်းစိုက်ခင်း ဥပဒေ/နည်းဥပဒေရေးဆွဲနိုင်ရေးအတွက် ထည့်သွင်းစဉ်းစားရမည့်အချက်များ ဖော်ထုတ်ခြင်းနှင့် အတူ ပြည်သူလူထုမှ ပိုမိုပူးပေါင်းပါဝင်လာစေရန် အခွင့်အလမ်းများ ထည့်သွင်းသွားနိုင်ရန် အပြုသဘောဆောင်သည့် အကြံပြုချက်များရရှိနိုင်ရန် လွတ်လပ်တက်ကြွစွာ ဆွေးနွေးအကြံပြု ကြပါရန် တိုက်တွန်းပြောကြားသည်။

အလုပ်ရုံဆွေးနွေးပွဲသို့  တိုင်းဒေသကြီး/ ပြည်နယ်လွှတ်တော်များမှ လွှတ်တော်ကိုယ်စား လှယ်များ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး၊ အတွင်းဝန်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဒေသခံပြည် သူအစုအဖွဲ့ပိုင်သစ်တောလုပ်ငန်းဆိုင်ရာ အမျိုးသားအဆင့်လုပ်ငန်း အဖွဲ့ဝင်များ၊ ဆက်စပ်ဌာနများမှ ကိုယ်စားလှယ်များ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် စားနပ်ရိက္ခာဖူလုံမှု ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ဝင်များ တက်ရောက်ကြပြီး ကဏ္ဍအလိုက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)