ပေါင်းတည် ဇွန် ၃၀
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ ကြူတောကန်ကျေးရွာအုပ်စု၊ သပြေကုန်းကျေးရွာ တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း VDP ခွင့်ပြုရန်ပုံငွေဖြင့် ကျေးရွာတွင်း ကျောက်ရော မြေနီလမ်းခင်းခြင်းနှင့် Slab Culvert တည်ဆောက်ခြင်းလုပ်ငန်းများဆောင်ရွက် ပြီးစီးမှုအား ပဲခူးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး နှင့်တာဝန်ရှိသူများမှ ယနေ့နံနက် ၁၀နာရီက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ပဲခူးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးမျိုးသိန်း နှင့်တာဝန်ရှိသူများက ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင်များနှင့် အတူ ကျေးရွာတွင်းလမ်းကျောက်ရောမြေနီခင်းခြင်းနှင့် Slab Culvertတည်ဆောက်ခြင်း လုပ်ငန်းများဆောင်ရွက်ပြီးစီးမှုအား ကြည့်ရှု့စစ်ဆေးခဲ့ပြီး လုပ်ငန်းများရေရှည်တည်တံ့ခိုင်မြဲစေရေး ကျေးရွာသူကျေးရွာသားများမှဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်သွားကြရန် တိုင်းဒေသကြီးဦးစီးမှူးက ဆွေးနွေးမှာကြားသည်။
သပြေကုန်းကျေးရွာတွင် ကျေးရွာတွင်းလမ်းကျောက်ရောမြေနီခင်းခြင်း အရှည်ပေ ၂၈၂၀ အကျယ် ၁၆ ပေ ထု ၉လက်မ ခင်းခြင်းနှင့်၊ အလျား ၁၅ပေ အနံ ၃ပေ ၆လက်မ အမြင့် ၃ပေ ရှိသော Slab Culvert တစ်ခုတည်ဆောက်ခြင်းလုပ်ငန်းများကို ၂၀၂၀-၂၀၂၁ခုဘဏ္ဍာနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းခွင့်ပြုရန်ပုံငွေကျပ် ၁၀သန်းဖြင့် ကျေးရွာသူကျေးရွာသားများကိုယ်တိုင်ယခုနှစ်မတ်လအတွင်းကစတင်ဆောင်ရွက်ခဲ့ရာ ယခုအချိန်တွင်လုပ်ငန်းများအားလုံးရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးနေပြီ ဖြစ်ကြောင်း ပေါင်းတည်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးယုနိုင်လင်း ကပြောပြ၍သိရသည်။
ငြိမ်းသူ


