ပွင့်ဖြူ  ၁၀  နို၀င်ဘာ 

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ရှိ ပြည်လုံးကျော်ကျေးရွာတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက တိုင်းဒေသကြီးအစိုးရ ရန်ပုံငွေဖြင့်  ဒေသခံပြည်သူများ သွားလာရေး အဆင်ပြေစေရန် ကျေးရွာတွင်းလမ်းများ မြေနီကျောက်စရစ်ခင်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းများ ၈၀ ရာခိုင်နှုန်း ပြီးစီးပြီ ဖြစ်ပါကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။

 

ပြည်လုံးကျော်ကျေးရွာတွင် အရှည် ၄၅၀၀ ပေ၊ အကျယ် ၁၂ ပေ၊ ထု ၆ လက်မရှိ မြေနီကျောက်စရစ်ခင်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းကို ၂၀၂၀-၂၀၂၁ ခုဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး အစိုးရရန်ပုံငွေကျပ်သိန်း ၁၀၀ ဖြင့် မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက  နည်းပညာပံ့ပိုး၍ ကျေးရွာပြည်သူများကိုယ်တိုင် ယခုနှစ် စက်တင်ဘာလ ၂၈ ရက်နေ့က စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါလုပ်ငန်းများ ၈၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။

 

ပွင့်ဖြူမြို့နယ်အတွင်း ပြည်လုံးကျော်ကျေးရွာအပါအ၀င် ကျေးရွာပေါင်း ၇ ရွာတွင် ၂၀၂၀-၂၀၂၁ ခုဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး အစိုးရရန်ပုံငွေ ကျပ်သိန်း ၉၀၀ ဖြင့် ကွန်ကရစ်လမ်း ၄ လမ်း၊ မြေနီကျောက်စရစ်လမ်း ၂ လမ်းနှင့် မြစ်သဲကျောက်စရစ်လမ်း ၁ စုစုပေါင်း ၇ လမ်းအား စက်တင်ဘာလ စတုတ္ထပတ်ကစတင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ လုပ်ငန်းများအားလုံး ဆောင်ရွက်ပြီးပါက ကျေးရွာ ၇ ရွာရှိ အိမ်ခြေ ၂၉၇၈၊ လူဦးရေ ၁၃၃၇၄ ဦးအား အကျိုးပြုသွားမည်ဖြစ်ကြောင်း  ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်က ပြောပြ၍ သိရသည်။

သူရိန်(မင်းဘူး)