နေပြည်တော် ၂၄ စက်တင်ဘာ
တိုင်းရင်းသား ကလေးငယ်များ မြန်မာစာကို စတင်ထိတွေ့သင်ယူရာ၌ အထောက်အကူပြုစေရန်နှင့် တိုင်းရင်းသားဘာသာစကားကိုပါ တွဲဖက်သင်ယူ တတ်မြောက်နိုင်ရန် ရည်ရွယ်ကာ နေပြည်တော်ကောင်စီနယ်မြေမှ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များအား ပုံပြပုံပြင်စာအုပ်များနှင့် ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်း၌ နေပြည်တော်ရှိ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်က ပြည်ထောင်စုကြီးအတွင်းက တိုင်းရင်းသားများ တစ်ဦးနှင့်တစ်ဦး ချစ်ကြည်ရင်းနှီးရန် အချင်းချင်း ဆက်သွယ်ပြောဆိုကြသည့် ဘာသာစကားက အရေးအကြီးဆုံးဖြစ်ပါကြောင်း၊ ပထဝီအနေအထားကြောင့် ဘာသာစကားနှင့် လူမျိုးစုများ ကွဲပြားကြပြီး မြန်မာနိုင်ငံတွင် လူမျိုးစုပေါင်း ၁၀ဝ ကျော်ရှိပါကြောင်း၊ ဘာသာစကားအခက်အခဲကြောင့် တိုင်းရင်းသားလူငယ်များတွင် ဘာသာစာပေသင်ကြားမှုတွင် အခက်အခဲ ဖြစ်ရပါကြောင်း၊ စာတတ်မှ ဗဟုသုတများရရှိပြီး အမှားအမှန်ကိုခွဲခြားနိုင်မှသာ ပြည်တွင်းငြိမ်းချမ်းရေးကို တိုင်းရင်းသားများ ရရှိနိုင်မည်ဖြစ်ပါကြောင်း။
သို့ပါ၍ KG အဆင့် မူလတန်းအဆင့် သင်ကြားပေးမှုများကို ၂၀၁၇ ခုနှစ်မှစ၍ တိုင်းရင်းသား ဘာသာသင် ဆရာ ဆရာမများကို ဒေသခံတိုင်းရင်းသားများ ခန့်ထားနိုင်ရေး ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်းကြိုးပမ်းခဲ့ပါကြောင်း၊ UNICEF နှင့် သက်ဆိုင်ရာ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့တို့က ပြုစုထားသော ယခုပုံပြပုံပြင်စာအုပ်များကို တိုင်းရင်းသား ကလေးငယ်များ လက်ဝယ်ရရှိပြီး သင်ကြားခွင့်ရသဖြင့် သင်ကြားသင်ယူမှု ရှင်းလင်းလွယ်ကူမည်ဖြစ်ပါကြောင်း၊ တိုင်းရင်းသားဘာသာ ၆၆ မျိုး၏ ပုံပြပုံပြင်စာအုပ်များကို မူလက ဆရာကိုင်စာအုပ်ကြီးအစား ကလေးငယ်များ အချိန်ပြည့် လေ့လာခွင့်ရရှိရန်နှင့် ထိရောက်စွာ တတ်မြောက်စေရန်ရည်ရွယ်၍ စာအုပ်အရွယ်အစား ပြောင်းလဲခဲ့သဖြင့် မူလအရေအတွက်ထက် ပိုမိုပုံနှိပ်ထုတ်ဝေနိုင်ခဲ့ပြီး တိုင်းဒေသကြီး ပြည်နယ်များရှိ စာပေနှင့်ယဉ်ကျေးမှု အဖွဲ့များသို့ ၃ နှစ်စာ ဖြန့်ဝေပေးနိုင်ရေး စီစဉ်ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ နွေရာသီကာလတွင် အခြေခံပညာကျောင်းများ၌ တိုင်းရင်းသားစာပေများ သင်ကြားရာတွင် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းပေးမှုကြောင့် အခက်အခဲမရှိ သင်ကြားနေပြီဖြစ်ပါကြောင်း၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များက အခက်အခဲများရှိပါက လိုအပ်သည့် အကူအညီများကို တိုင်းဒေသကြီး ပြည်နယ်ရှိ ဝန်ကြီးဌာနရုံးများသို့ ဆွေးနွေးညှိနှိုင်းနိုင်ပါကြောင်း၊ ပြည်ထောင်စုရှိ တိုင်းရင်းသားလူမျိုးစုများ စည်းလုံးညီညွတ်စွာဖြင့် ဒေသဖွံ့ဖြိုး တိုးတက်အောင် ဖန်တီးနိုင်ရေးဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီး ဦးလှမော်ဦးက တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်ရေးနှင့်စပ်လျဉ်း၍ ဆောင်ရွက်နေမှုအခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့် ကိစ္စရပ်များကို ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်၊ ဒုတိယဝန်ကြီး ဦးလှမော်ဦးနှင့် နေပြည်တော်ကောင်စီဝင် ဦးညီထွန်းတို့က ကရင်ဖြူ၊ ဂေဘား၊ ကယန်း၊ ပအိုဝ်း၊ အရှိုချင်း၊ မွန်၊ ဒါးရင်ဒူးနှင့် ရခိုင်လူမျိုးများ၏ စာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့ ကိုယ်စားလှယ်များအား ပုံပြပုံပြင်စာအုပ်များနှင့် ထောက်ပံ့ငွေများကို ပေးအပ်ကြသည်။
ယင်းနောက် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု အသင်းအဖွဲ့များကိုယ်စား ကရင်ဖြူမျိုးနွယ်စု တာဝန်ခံ ဦးစောစိုးနိုင်က ကျေးဇူးတင်စကားပြောသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အတူ တက်ရောက်လာကြသူများသည် မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
ယခု ထောက်ပံ့ပေးအပ်ပွဲသည် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ကရင်ဖြူ၊ ဂေဘား၊ ကယန်း၊ ပအိုဝ်း၊ အရှိုချင်း၊ မွန်၊ ဒါးရင်ဒူးနှင့် ရခိုင် လူမျိုး ၈ မျိုး၏ တိုင်းရင်းသားစာပေဖြင့် ပုံပြပုံပြင် စာအုပ် ၆၃၀၆ အုပ် ပေးအပ်ထောက်ပံ့ပေးခဲ့ပြီး အဆိုပါစာအုပ်များတွင် တိုင်းရင်းသားဘာသာ စာပေအပြင် မြန်မာဘာသာနှင့် ယှဉ်တွဲရိုက်နှိပ် ဖော်ပြထားသဖြင့် တိုင်းရင်းသား ကလေးငယ်များအတွက် သင်ကြားသင်ယူနိုင်မှု ပိုမိုသိရှိနားလည်နိုင်သည့် အကျိုးကျေးဇူးရရှိကြောင်း သိရသည်။
သတင်းစဉ်


