ခြူးစန္ဒီနွေး
အမေရိကန်ပြည်ထောင်စုနှင့် ဥရောပတို့က ကျန်းမာရေးဝန်ထမ်းတွေကို ကိုဗစ် -၁၉ တိုက်ဖျက်ရေးမှာ သူရဲကောင်းတွေသဖွယ် ချီးကျူးဂုဏ်ပြုခံရပေမယ့် ဂျပန်နိုင်ငံက သူနာပြုတွေ၊ ဆရာဝန် တွေ ကြုံတွေ့နေရတဲ့အခြေအနေကတော့ အဲဒီလိုမဟုတ်ပါဘူး။
ခွဲခြားဆက်ဆံခံရ
ဂျပန်နိုင်ငံက သူနာပြုတွေ၊ ဆရာဝန်တွေ ကတော့ လူမှုကွန်ရက်မီဒီယာပေါ်မှာ အသိ အမှတ်ပြုမှုတွေ ရရှိပေမယ့် အပြင်မှာတော့ ခွဲခြားဆက်ဆံခံရမှုတွေ၊ ဝိုင်းပယ်ခံရမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ဂျပန်နိုင်ငံမှ ဆေးဝန်ထမ်း ဆိုင်ရာအလုပ်သမားသမဂ္ဂရဲ့ ဧပြီလအတွင်း လေ့လာမှုများအရ ကျန်းမာရေးဝန်ထမ်းတွေဟာ ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားစဉ်အတွင်း ခွဲခြားဆက်ဆံခံရမှုတွေ၊ အနှောင့်အယှက်ပေးခံရတာ တွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဖော်ပြလျက် ရှိပါတယ်။
ရှောင်ကြဉ်ခံရ
ကိုဗစ် -၁၉ တိုက်ဖျက်ရေးအတွက် ရှေ့တန်းကနေ စွမ်းစွမ်းတမံကြိုးပမ်းနေစဉ် ကာလမှာ ဆေးဝန်ထမ်းတွေ အနေနဲ့ မိသားစုဝင်တွေက အိမ်ကိုပြန်မလာနဲ့လို့ အပြောခံရတာတွေ၊ တခြားလူနာဆောင်တွေက ဝန်ထမ်းတွေ က ရှောင်ကြဉ်မှုခံရတာနဲ့လည်း ရင်ဆိုင်နေရ တယ်လို့ စစ်တမ်းကောက်ယူမှုအရ သိရပါ တယ်။ ဆေးရုံတွေနဲ့ ဆေးရုံမှာအလုပ်လုပ်တဲ့ အလုပ်သမားတွေဟာ ကိုဗစ်-၁၉ ကူးစက်မှုတွေ ပေါ်လာတဲ့အခါ အပြစ်ဖို့ခံရပြီး ဆေးရုံဝန်ထမ်း တွေရဲ့ ကလေးတွေကို မူလတန်းကြိုကျောင်း တွေကလက်မခံတာမျိုးနဲ့လည်း ကြုံရတယ်လို့ လေ့လာမှုတွေအရ တွေ့ရှိရပါတယ်။
မိသားစုဝင်တွေပါ အခက်ကြုံ
မေ၂၂ ရက်မှာတော့ ကိုဘီမြို့ ဆေးပညာစင်တာ အထွေထွေရောဂါကုဆေးရုံမှာ ကိုဗစ် -၁၉ ကူးစက်လူနာ ၉၆ ဦးရှိခဲ့ပြီး အဲဒီ ဆေးရုံက ဝန်ထမ်း ၂၉ ဦးဟာလည်း ကူးစက်ခံ ထားရကြောင်း တွေ့ရှိခဲ့ရပါတယ်။
အဲဒီအခါမှာတော့ ဆေးရုံဝန်ထမ်းတွေနဲ့ မိသားစုဝင်တွေ ဘယ်လိုမျိုးခွဲခြားဆက်ဆံခံရ သလဲဆိုတာကို စစ်တမ်းကောက် အစီရင်ခံ တင်ပြထားပါတယ်။ သူနာပြုတစ်ယောက်ရဲ့ ခင်ပွန်းသည်ဆိုရင် ကုမ္ပဏီမှ ဖိအားပေးခံရပါ တယ်။ ဇနီးသည်သာ အဲဒီဆေးရုံမှာ ဆက်လက် အလုပ်လုပ်နေဦးမယ်ဆိုရင် ခင်ပွန်းသည်ဖြစ် သူကိုလည်း ကုမ္ပဏီကို အဝင်မခံတော့ဘူးလို့ ဖိအားပေးခံခဲ့ရပါတယ်။ ဇနီးသည်က အလုပ် ထွက်ရမလား၊ ခင်ပွန်းသည်ကပဲ အလုပ်ကို စွန့်လွှတ်လိုက်ရမလားဆိုပြီး ဖိအားပေး ရွေးချယ်ခိုင်းတဲ့ အဖြစ်အပျက်နဲ့ ကြုံတွေ့ခဲ့ ရတာပါ။
မိသားစုဝင်အထိ ရိုက်ခတ်
နောက်ထပ်သူနာပြုတစ်ယောက်ရဲ့အဖြစ် အပျက်က ပိုဆိုးပါတယ်။ သူဟာ ကိုယ်ဝန်ဆောင်ဖြစ်လို့ တခြား ဆေးရုံကို သွားပြတဲ့အခါ အဲဒီဆေးရုံက ဆရာဝန်က သူ့ကိုကြည့်မပေးခဲ့ ပါဘူး။ နာဂါနိုခရိုင်က ဆေးရုံတစ်ရုံမှာ အလုပ် လုပ်တဲ့ သူနာပြုတစ်ဦးဖြစ်သူ အသက် ၂၇ နှစ် အရွယ် ကိုဆူအီတိုဂိုကတော့ သူ့ရဲ့ အပေါင်း အသင်းတွေ ကြုံတွေ့နေရတဲ့ ခွဲခြားဆက်ဆံ ခံရမှုတွေကို ထုတ်ဖော်ပြောကြား ခဲ့ပါတယ်။ သူနာပြုတစ်ယောက်ရဲ့ သမီးဆိုရင်မူကြိုသွားတဲ့ အခါ တခြားကလေးတွေက သူ့ကို ကိုရိုနာချန် လို့ စနောက်ခေါ်ခံနေရပါတယ်။
အမြင်ပိုကျယ်ဖို့လို
တခြားသူနာပြုတစ်ယောက်ကျပြန်တော့ လည်းမူလတန်းကျောင်းတက်နေတဲ့သားဖြစ်သူ အနှိမ်ခံရမှာကြောက်လို့ မိသားစုနဲ့ ခွဲနေရပါတယ်။ “လူတွေစိုးရိမ်နေရတာကိုတော့ သိပါတယ်။ဒါပေမယ့်လည်း ခွဲခြားဆက်ဆံနေကြတဲ့ လူတွေအနေနဲ့ ဒီထက်ပိုပြီး အမြင်ကျယ်ဖို့တော့ လိုနေပြီလို့ တိုဂိုက ပြောပါတယ်။ တခြားနိုင်ငံ က ဆေးဝန်ထမ်းတွေလို သူရဲကောင်းလို့ ချီးမြှောက်ခံချင်တာ မဟုတ်ပါဘူး။ လူနာတွေ ကို ကူညီဖို့သက်သက်ပါပဲ” လို့ တိုဂိုက ဆက် ပြောပါတယ်။
တိုဂိုဆိုရင် တစ်နေ့မှာ ခြောက်နာရီ လောက် အကာအကွယ်ဝတ်စုံတွေဝတ်ပြီး လူနာတွေကို စောင့်ရှောက်ပေးရပါ တယ်။ နိုင်ငံတော်အရေးပေါ်အခြေအနေ ကြေညာမှုကို ရုပ်သိမ်းလိုက်ပြီဖြစ်ပေမယ့် ကျန်းမာရေး ဝန်ထမ်းတွေ ကတော့ သတိကြီးကြီးထား နေရတုန်းပါပဲ။
တွစ်တာပေါ်က စကားသံများ
“အကာအကွယ်ဝတ်စုံ ဝတ်ထားရတာ လွယ်လွယ်ကူကူတော့ မဟုတ်ပါဘူး။ အဲဒီ ဝတ်စုံကြီးနဲ့ ဆိုရင် အစာ စားလို့မရသလို အိမ်သာလည်း သွားလို့မရပါဘူး။” လို့ တိုဂိုက ပြောပါတယ်။ အခုလိုမျိုး အလားတူဖြစ်ရပ်မျိုး နဲ့ ကြုံတွေ့ရတဲ့ နိုင်ငံတစ်ဝန်းလုံးက သူနာပြု တွေဟာဆိုရင် တွစ်တာပေါ်မှာ သူတို့ရဲ့ အတွေ့ အကြုံတွေကို ဝေမျှခဲ့ကြပါတယ်။ သူနာပြု တစ်ယောက်ဆိုရင် သူ့ကလေးနဲ့အတူပန်းခြံကို မလာဖို့တားမြစ်ခံရတာတွေနဲ့ ကြုံခဲ့ရတယ်လို့ ပြောပြပါတယ်။
ခွဲခြားဆက်ဆံခံနေရမှုတွေကြောင့် ဆေးဝန်ထမ်းတွေဟာ ဆေးရုံနဲ့ အိမ်ကလွဲရင် ဘယ်ကိုမှ မသွားရတဲ့ပုံစံ ဖြစ်နေပြီလို့ တွစ်တာအသုံးပြုသူတစ်ဦးက ရေးသားခဲ့ပါတယ်။ တခြားနိုင်ငံတွေမှာကျတော့ ကိုဗစ် -၁၉ တိုက်ဖျက်ရေးမှာ ကျန်းမာရေးဝန်ထမ်းတွေကို သူရဲကောင်းတွေလို့ သတ်မှတ်ကြပေမယ့် ဂျပန်နိုင်ငံကျမှ ဘယ်လိုတွေ ဖြစ်နေရတာ လဲဆိုပြီး တွစ်တာပေါ်မှာ မှတ်ချက်ချရေးသား ထားတာကို တွေ့မြင်ရပါတယ်။ ရစ်ဆုမီကန် တက္ကသိုလ်မှ လူမှုစိတ်ပညာဆိုင်ရာ ပါမောက္ခ ဖြစ်သူ တာဆုယူဆာတို့ကတော့ ကပ်ရောဂါ နဲ့ပတ်သက်ပြီး မသေချာ မရေရာမှုတွေကြောင့် လူတွေရဲ့ မနှစ်မြို့မှု၊ ခွဲခြားဆက်ဆံခံရမှုတွေကို ပိုပြီးလောင်စာ ပေးနေသလို ဖြစ်နေတယ်လို့ပြောပါတယ်။
အထိရောက်ဆုံးနည်းလမ်း
ကာကွယ်ဆေးနဲ့ တိကျတဲ့ကုသဆေး မရှိသရွေ့တော့ ဒီလိုမျိုးအပြုအမူတွေဟာ ဆက်လက်ရှိနေဦးမှာဖြစ်ပြီး လူမှုဘဝမှာ လူအချင်းချင်း ခပ်ခွာခွာနေခြင်းကို ကျင့်သုံးခြင်းကသာ လတ်တလောမှာ အထိရောက်ဆုံး ကာကွယ်ရေးနည်းလမ်းဖြစ်နေတယ်လို့ ဆာတို က ပြောပါတယ်။
ကိုဗစ်-၁၉ တိုက်ဖျက်ရေးမှာ မပါဝင်တဲ့ တခြားအခြေအနေတွေအတွက် တာဝန်ကျတဲ့ ကျန်းမာရေးလုပ်သား တွေလည်း အခက်အခဲ တွေနဲ့ ကြုံတွေ့နေရပါတယ်။ ကိုဗစ် -၁၉ တိုက်ဖျက်ရေးမှာ ရှေ့တန်းကမပါဝင်တဲ့အတွက် ကြောင့်လည်း အပြစ်တင်ခံနေရပါတယ်။
အသုံးမဝင်ဟု သတ်မှတ်ခံရ
အိုဆာကာခရိုင်က ဆေးရုံတစ်ရုံမှာ အလုပ် လုပ်ကိုင်နေတဲ့ သူနာပြုတစ်ယောက်ကတော့ သူ့ရဲ့ အတွေ့အကြုံကို ပြောပြလာပါတယ်။ သူတို့ဆေးရုံမှာ ကိုဗစ်-၁၉ လူနာတစ်ယောက်မှ မရှိပါဘူး။
သူနာပြုတစ်ယောက် ဖြစ်တာတောင် ကိုဗစ် -၁၉ တိုက်ဖျက်ရေးမှာ မပါဝင်ဘူး။ လူမှုအဖွဲ့အစည်းအတွက် အကျိုးမပြုဘူးဆိုပြီး လူစိမ်းတစ်ယောက်က အပြစ်တင်တာကို ခံခဲ့ရ တယ်လို့ ပြောပါတယ်။
လူတွေဟာ ကိုဗစ် -၁၉ လူနာကို ကုသတဲ့ နေရာမှာ မပါတဲ့သူဆိုရင် အသုံးမဝင်ဘူးလို့ သတ်မှတ်ထားကြတယ်ဆိုပြီး အဲဒီသူနာပြုက သူ့ရဲ့အတွေ့အကြုံကို ပြောပြခဲ့ပါတယ်။
လူနာရွေးချယ်ခွင့်မရှိ
ကျွန်မတို့မှာ လူနာတွေကို ရွေးချယ်ခွင့် မရှိပါဘူး။ ဆေးရုံပေါ်မှာ ကိုဗစ် -၁၉ လူနာတွေပဲ ရှိတာ မဟုတ်ပါဘူး။ တခြားရောဂါနဲ့ ဆေးရုံ တက်နေရသူတွေလည်း ရှိပါတယ်။ ဒီလူတွေကို လည်း ကုသပေးရဦးမယ်လေဆိုပြီး လုပ်သက် ရှစ်နှစ်ရှိပြီဖြစ်တဲ့ သူနာပြုတစ်ယောက်က ပြောပါ တယ်။
ဂျပန်နိုင်ငံမှာတော့ ကိုဗစ် -၁၉ ကို ကုသပေးတဲ့ ကျန်းမာရေးဝန်ထမ်းတွေတင် ခွဲခြား ဆက်ဆံခံရတာ မဟုတ်ပါဘူး။ တခြားလူနာ တွေကို ကုသပေးနေတဲ့ ကျန်းမာရေးဝန်ထမ်း တွေမှာလည်းဝေဖန်မှုတွေ၊ နှိမ့်ချဆက်ဆံခံ ရမှုတွေနဲ့ ကြုံတွေ့နေရပါတယ်။ ။
ကိုးကား - ကျိုဒိုနယူးစ်