၁၂  ဖေဖော်ဝါရီ

 

ကက်တလိုနီးယားဒေသအတွင်းမှာ ဖြစ်ပွားနေတဲ့တင်းမာမှုတွေ လျော့ပါးစေဖို့ စပိန်အစိုးရက ချမှတ်လိုက်တဲ့ အစီအစဉ်တစ်ရပ်ကို လက်ယာယိမ်းအဖွဲ့အစည်းတွေက မလိုလားတဲ့အတွက် ထောင်နဲ့ချီတဲ့ ဆန္ဒပြပြည်သူတွေ ဆန္ဒပြပွဲလုပ်ဖို့ မက်ဒရစ်မြို့ပေါ် စုဝေးချီတက်ခဲ့ကြပါတယ်။

 

စပိန်ဝန်ကြီးချုပ် ပက်ဒရိုဆန်ချက်ဇ်က ဆွေးနွေးပွဲတွေအတွက် အစီရင်ခံသူ ကိုယ်စားလှယ်တစ်ဦးကို ထားရှိဖို့ ခွဲထွက်ရေးအုပ်စုတွေကို ကမ်းလှမ်းလိုက်တာကြောင့် ဒီကမ်းလှမ်းချက်ကို ကန့်ကွက်တဲ့အနေနဲ့ ဗဟိုလက်ယာယိမ်း ပါတီဖြစ်တဲ့ပေါ် ပြူလာပါတီ(PP) နဲ့ Ciudadanos လို့ခေါ်တဲ့ ဒေသခံအုပ်စုတွေက ဆန္ဒပြပွဲတွေ ပြုလုပ်ဖို့တိုက်တွန်းလိုက်ခြင်းပဲ ဖြစ်ပါတယ်။

 

လက်နက်ချအညံ့ခံသည့် ကမ်းလှမ်းမှုလို့ယူဆ

 

လက်ယာယိမ်းအုပ်စုက ဒီကမ်းလှမ်းမှုကိုသစ္စာဖောက်ဖျက်မှုတစ်ခု၊ လက်နက်ချအညံ့ခံမှုတစ်ခုလို့ ယူဆနေပါတယ်။ ပြီးတော့ ခွဲထွက်ရေး အုပ်စုတွေဟာ ဒီကမ်းလှမ်းမှုကို လက်မခံခဲ့ပါဘူး။လက်ယာယိမ်းအုပ်စုလိုပဲ လက်ရှိအာဏာရ ဆိုရှယ်လစ်ပါတီဟာဆိုရင်လည်း ကက်တလိုနီးယား လွတ်လပ်ရေးကို ကန့်ကွက်နေပါတယ်။

 

ဆန္ဒပြသူတွေထဲမှာ Vox ပါတီအပါအဝင် လက်ယာစွန်းရောက်အုပ်စုတွေလည်းပဲ ပါဝင်ခဲ့ပြီး ညီညွတ်တဲ့ စပိန်နိုင်ငံအတွက် ယခုပဲ ရွေးကောက်ပွဲတွေကျင်းပဆိုတဲ့ ကြွေးကြော်သံအောက်မှာ ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။ စပိန်ရဲ့ မြို့တော်ရှိ ကိုလွန်စကွဲယားရင်ပြင်နဲ့ အနီးအနားလမ်းတွေပေါ်မှာ ဆနဒပြသူတွေနဲ့ ပြည့်နှက်လျှံထွက်လို့နေပါတယ်။ ဆန္ဒပြသူအများစုက စပိန်ရေရှည်တည်တံ့ပါစေလို့ ကြွေးကြော်နေကြပြီး တွမ်ဂျုံးစ်နဲ့ လေဒီဂါဂါ သီဆိုထားတဲ့ တေးသီချင်းတွေကို အော်ဆိုခဲ့ကြပါတယ်။ ရဲတွေက ဆန္ဒဖော်ထုတ်သူအရေအတွက်စုစုပေါင်း ၄၅၀ဝ၀ ရှိတယ်လို့ ဖော်ပြခဲ့ပါတယ်။

 

စပိန်ကို သစ္စာဖောက်ခြင်းလား

 

မကြာသေးမီရက်ပိုင်းအတွင်းကပဲ အစိုးရက ခွဲထွက်ရေးအုပ်စုနဲ့ စားပွဲဝိုင်းဆွေးနွေးပွဲတွေလုပ်မယ်၊ ပြီးတော့ အစည်းအဝေးတိုးတက်မှု အဆင့်ဆင့်ကို အစီရင်ခံမယ့် အထူးကိုယ်စားလှယ်တစ်ဦးကို ခန့်အပ်ထားရှိမယ်ဆိုပြီး ကမ်းလှမ်းလိုက်တော့ ခွဲထွက်ရေးကို လက်မခံတဲ့ပြည်သူတွေက ဆန္ဒပြနေကြတာ ဖြစ်ပါတယ်။ အစိုးရက ကက်တလိုနီးယားမှာဖြစ်နေတဲ့ တင်းမာမှုတွေကို လျော့ပါးသက်သာစေမယ့် အစီအစဉ်လို့ အမည်တပ်ခဲ့လင့်ကစား ပြည်သူတွေကတော့ စပိန်ကိုသစ္စာဖောက်ဖို့ လုပ်နေတဲ့ ကမ်းလှမ်းချက်လို့ပဲ ထင်မြင်ယူဆလျက်ရှိပါတယ်။

 

ရွေးကောက်ပွဲတွေ ဆက်လုပ်စေချင်

 

ဆန္ဒပြပြည်သူတွေအနေနဲ့ လာမယ့် ၂၀၂၀ အတွက် လတ်တလော အစီအစဉ်ရေးဆွဲထားတဲ့ ရွေးကောက်ပွဲတွေကိုလည်း ဖြစ်မြောက်အောင် ဆက်လုပ်သွားစေချင်နေပါတယ်။ ဆန္ဒပြသူတစ်ဦးက မစ္စတာ ဆန်ချက်ဇ်ဟာ စပိန်ကို သစ္စာဖောက်နေတာ၊ ၎င်းဟာ စပိန်အစိုးရအဖွဲ့ အကြီးအကဲတစ်ဦးဖြစ်ဖို့ မထိုက်တန်ဘူးလို့ ၎င်းရဲ့ သဘောထားကို ထုတ်ဖော်ခဲ့ပါတယ်။

 

ပေါ်ပြူလာပါတီခေါင်းဆောင် ပါဗလိုကာဆာဒိုက လူထုကို မိန့်ခွန်းပြောကြားရာမှာ မစ္စတာ ဆန်ချက်ဇ်ရဲ့ မူဝါဒက ဆိုရှယ်လစ်ဆန်တဲ့ အညံ့ခံမှုတစ်ခုပဲလို့ ပြောဆိုခဲ့ပါတယ်။ပြီးတော့ ဆန်ချက်ဇ်ရဲ့ ခေတ်ကုန်သွားပြီ။ဆန္ဒပြပွဲတွေကလည်း အရှိန်အဟုန်အမြင့်ဆုံးကို ရောက်နေပြီ။ စည်းချက်ကျပြီး တရားမျှတမှုတွေ စပိန်ကို တစ်ကျော့ပြန်လာဖို့ အစပျိုးခြင်း ဖြစ်တယ်လို့ မစ္စတာ ကာဆာဒိုက လူထုအလယ်မှာ ပြောခဲ့တာ ဖြစ်ပါတယ်။

 

အစိုးရဘက်ကပြောစကား

 

ဒေသရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးတဲ့ အစည်းအဝေးတစ်ခုမှာ မစ္စတာ ဆန်ချက်ဇ်က ၎င်းရဲ့ ဆိုရှယ်လစ်ပါတီဟာ စကားပြောဆိုဆွေးနွေးဖို့ ဆိုတဲ့ဘက်မှာပဲ အမြဲရှိနေခဲ့တယ်။ ပေါ် ပြူလာပါတီ(PP) ကြောင့် ပိုဆိုးလာတဲ့ ပဋိပက္ခကို ဖြေရှင်းဖို အစိုးရက အခုကြိုးစားနေတာလို့ ဆိုပါတယ်။ သို့သော်လည်း စကားပြောဆိုဆွေးနွေးဖို့ မူဘောင် ချမှတ်ထားတာတွေကို ခွဲထွက်ရေးအုပ်စုတွေက ငြင်းဆန်လိုက်တယ်လို့ အစိုးရက သောကြာနေ့မှာ ကြေညာခဲ့ပါတယ်။
ဒုတိယဝန်ကြီးချုပ် ကာမန်ကယ်လ်ဗိုလ်က အခြေအနေတွေ ရပ်တန့်သွားပြီ။ ခွဲထွက်ရေးသမားတွေက တောင်းဆိုနေတဲ့ လွတ်လပ်ရေးအတွက် ရွေးကောက်ပွဲတစ်ရပ် ကျင်းပပေးဖို့ဆိုတာဟာ လက်ခံနိုင်စရာမရှိဘူးလို့ ပြောပါတယ်။ ဘာပဲဖြစ်ဖြစ် ခွဲထွက်ရေးသမားတွေကတော့ အစိုးရက စကားပြောဆိုဆွေးနွေးမယ့် အခွင့်အရေးကို၎င်းကိုယ်တိုင် လက်လွှတ်ခံလိုက်တာလို့ စွပ်စွဲနေကြပါတယ်။

 

နောက်ကွယ်မှာဘာတွေရှိ

 

မစ္စတာ ဆန်ချက်ဇ်ဟာ လူနည်းစုအစိုးရအဖွဲ့တစ်ရပ်ကို ဦးဆောင်နေတာဖြစ်ပြီး အဲဒီအစိုးရအဖွဲ့ဟာ ကက်တလန် အမျိုးသားရေးဝါဒီ အုပ်စုအပါအဝင် အခြားပါတီတွေရဲ့ ထောက်ခံအားပေးမှုကို အားထားနေရတာ ဖြစ်ပါတယ်။ ၎င်းရဲ့ အစိုးရ အဖွဲ့ဟာ ကြားဖြတ်ရွေးကောက်ပွဲကျင်းပမှုကို ဦးတည်လာစေမယ့် ၂၀၁၉ ခု ဘတ်ဂျက်အဆိုပြုချက်နဲ့ ပတ်သက်ပြီး အဓိကကျတဲ့ မဲခွဲဆုံးဖြတ်မှုကိုရင်ဆိုင်နေရပြီး ကက်တလန်အမျိုးသားရေးဝါဒီ အုပ်စုတွေက ဘတ်ဂျက်အဆိုပြုချက်နဲ့ ပတ်သက်လို့ ၎င်းတို့ရဲ့ ထောက်ခံပေးဖို့ဟာ မစ္စတာ ဆန်ချက်ဇ်က ခွဲထွက်ရေးအုပ်စုတွေကို ကမ်းလှမ်းတဲ့ ဆွေးနွေးပွဲတွေမှာ ခွဲထွက်ရေး ပါ မပါဆိုတဲ့အပေါ်မူတည်တယ်လို့ ဆိုပါတယ်။

 

ပါတီသုံးခုအာဏာရ

 

သို့သော်လည်းပဲ မစ္စတာ ဆန်ချက်ဇ်ကတော့ ကက်တလိုနီးယားခွဲထွက်ရေး ရွေးကောက်ပွဲတစ်ရပ် ကျင်းပဖို့အလားအလာကို ဖယ်ထုတ်လိုက်ပြီဖြစ်ပါတယ်။ မဲရလဒ်တွေအရ အထွေထွေရွေးကောက်ပွဲမှာ ပေါ် ပြူလာပါတီ၊ Ciudadanos  နဲ့ Vox ပါတီတွေက မဲအများစုနဲ့ အနိုင်ရဖွယ်ရှိနေပါတယ်။ ဒီပါတီသုံးခုဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာတုန်းက တောင်ပိုင်းအန်ဒါလူစီယာဒေသမှာ အတူတကွ အာဏာရရှိခဲ့ပြီး ၃၆ နှစ် သက်တမ်းကြာအောင် အာဏာရလာခဲ့တဲ့ ဆိုရှယ်လစ်အုပ်စုတွေကို ဖယ်ထုတ်ပစ်လိုက်နိုင်ခဲ့ပါတယ်။

 

ဖမ်းဆီးထိန်းသိမ်း

 

မက်ဒရစ်က တိုက်ရိုက်အုပ်ချုပ်တဲ့ ခုနစ်လတာ အချိန်ကာလ ပြီးဆုံးပြီးနောက်မှာ ကက်တလိုနီးယား အမျိုးသားရေး ဝါဒီတွေက ဘာစီလိုနာမှာ အာဏာပြန်ရလာခဲ့ပါတယ်။ လွတ်လပ်ရေးကိုထောက်ခံတဲ့ လှုပ်ရှားမှုတွေနဲ့အတူ ညှိနှိုင်းဆွေး နွေးမှုတွေပြုလုပ်ခဲ့တဲ့ အဲဒီအချိန်မှာပဲ မစ္စတာ ဆန်ချက်ဇ် ဝန်ကြီးချုပ်ဖြစ်လာတယ်။ ပြီးခဲ့တဲ့နှစ်က ခွဲထွက်ရေးကို ထောက်ခံတဲ့ ခေါင်းဆောင်တွေကိုသွေးထိုးလှုံ့ဆော်မှုနဲ့ စပိန်အစိုးရက ဖမ်းဆီးထိန်း သိမ်းလိုက်ပြီးနောက် တင်းမာမှုတွေဟာ အမြင့်ဆုံးအခြေအနေမှာ ဆက်လက်ရှိနေခဲ့ပါတယ်။ ခေါင်းဆောင်တွေထဲက အချို့ကို လာမယ့် ရက်သတ္တပတ်ထဲမှာ ကြားနာစစ်ဆေးဖို့ရှိပြီး ထောင်ဒဏ် ၂၅ နှစ်နဲ့အထက် ကျခံရနိုင်တယ်လို့သိရပါတယ်။ ။

 

ကလျာမိုးမြင့်

 

ကိုးကား- အေအက်ဖ်ပီ၊ ဘီဘီစီ