ဒေါက်တာ မြတ်မိုး
စာရိတ္တမဏ္ဍိုင် ယိမ်းယိုင်နေခြင်း၏ အကျိုးဆက်တစ်ခု၊ ဆင်းရဲမွဲတေမှု၏ အခြေခံအကြောင်းတရားတစ်ခု၊ ဖွံ့ဖြိုးတိုးတက်မှု အားနည်းရခြင်း၏ အကြောင်းတရားတစ်ခု အဖြစ်လည်း အဂတိတရားသည် လူ့အဖွဲ့အစည်းများတွင် ဆယ်စုနှစ်ပေါင်းများစွာ ထုနှင့်ထည်နှင့် အမြစ်တွယ် လှိုက်စားနေခဲ့သည်မှာ အတော်ကြာခဲ့ပြီဖြစ်ပါသည်။ ဓလေ့ထုံးတမ်း အစဉ်အလာတစ်ခုလို ယဉ်ကျေးမှုတစ်ရပ် သဖွယ်လည်း ဖြစ်နေပါသည်။ အဂတိလိုက်စားမှုကို လူတိုင်းက မလိုလားဘူးဟူ၍ ရွံရှာဖွယ်ရာပြောဆိုနေ ကြသော်လည်း ယခုလို မလိုချင်လှသည့် အဂတိကင်းသည့် လူ့ဘောင်ကိုပင် ထူထောင်ရန် ခက်ခဲနေကြပြန်ပါသည်။ အကြောင်းမှာ အဂတိကင်းနိုင်သည့် လူဟူ၍ ရှားပါးလွန်း၍ ဖြစ်ပါသည်။
အဂတိတရားနှင့် ကိုယ်ကျင့်သိက္ခာ
လူတန်းစားအလွှာများအကြား ဆင်းရဲချမ်းသာ ကွာဟမှုကြီးမားလွန်းခြင်း၏ ပြယုဂ်အဖြစ်လည်း အဂတိတရားကို ညွှန်းဆိုကြသည်။ ရှောင်ရှားအပ်သောတရား၊ မမြတ်သောအကျင့်ဟုဆိုသော်ငြား လူတိုင်းနှင့်လည်း မကင်းနိုင်၊ အဂတိတရားဟု ဆိုရာတွင် လာဘ်လာဘ ယူခြင်း၊ အကျင့်ပျက်ခြစားခြင်းသာမက ရှောင်ကြဉ်အပ်သော ဘက်လိုက်မှု၊ မမျှတမှုသဘော တရားများလည်း အပါအဝင်ဖြစ်ပါသည်။ ကိုယ်စီကျင့်ဝတ်အားနည်းမှုနှင့် အဂတိဒွန်တွဲနေသလို တန်ဖိုးထားအပ်သော ကိုယ်ကျင့်သိက္ခာ၊ ကျင့်ဝတ်စံနှုန်းများနှင့် လူ့အဖွဲ့အစည်းအတွင်း တရားမျှတမှုကိုလည်း ခြိမ်းခြောက်ခံနေရသည်။ အဂတိ တရားများဖြင့် ခြယ်မှုန်းထားသော မည်သည့်လူ့အဖွဲ့အစည်းမဆို မတရားမှုများကသာ ကြီးစိုးနေတတ်သည်။ မှန်ကန်သော အတွေးအမြင်ဖြင့် မျှမျှတတ၊ တရားသဖြင့် နေထိုင်သူသည် လူနည်းစုသာဖြစ်နေပြီး လာဘ်လာဘ လွယ်လွယ်ကူကူရသော နေရာမဟုတ်လျှင် လူညံ့၊ လူအ၊ ကံဆိုးသူတစ်ယောက်အဖြစ်လည်း မှတ်ယူခံရလောက်အောင် တရားမဝင်ပြုမူခြင်းက တရားဝင် ဖြစ်နေတတ်ပါသည်။ အမှန်တွင် တစ်ဦးတစ်ယောက်ချင်း၏ အကျင့်စာရိတ္တ ပျက်ယွင်းခြင်းမှသည် နိုင်ငံအတွင်း အတိုင်းအတာ တစ်ခုအထိ ပျက်စီးယိုယွင်းမှုသို့ ဦးတည်နေခြင်းအား မမြင်နိုင်ကြခြင်းသာ ဖြစ်သည်။ အကျင့်ပျက်ခြစားသူ တစ်ဦးအတွက် သူ့ကိုယ်သူရော၊ ပတ်ဝန်းကျင်ကပါ ကံဇာတာတက်နေသည်ဟု ထင်မှတ်ခံရသော်လည်း နိုင်ငံအတွက်မူ ဖွံ့ဖြိုးတိုးတက်မှု စံနှုန်းများ ကျဆင်းရပြီး ကံဆိုးမိုးမှောင်ကျနေခြင်းသာ ဖြစ်ပါသည်။ အဂတိပြုမူသူကို မြှောက်ပင့်၍ အမှားကို အမှန်ပြုနေ မည့်အစား ကိုယ်ကျင့်သိက္ခာ ပြည့်ဝစွာဖြင့် အဂတိကင်းစွာနေထိုင်သူများ၊ ရိုးသားတည်ကြည်ဖြောင့်မတ်သူများကို ကလေး လူငယ်ဘဝကစ၍ ယနေ့နိုင်ငံ့ဝန်ထမ်းများတွင်ပါ အထူးတလည် အသိအမှတ်ပြု၍ ချီးမွမ်းထောမနာ ဂုဏ်ပြုသင့်ပါသည်။
အဂတိအကြောင်းတရားလေးပါး
အဂတိလိုက်စားမှုသည် အဓိပ္ပာယ်ဖွင့်ဆိုချက်အရ လုပ်ပိုင်ခွင့်အာဏာရှိသူက မိမိအားအပ်နှင်းထားသော ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ ကိုယ်ကျိုးရှာခြင်းပင် ဖြစ်သည်။ အဂတိဟူသည့် စကားရပ်ကို အဓိပ္ပာယ်ဖွင့်ဆိုလျှင် မျက်နှာလိုက်ခြင်း၊ ဘက်လိုက်ခြင်းဟူသည့် အဓိပ္ပာယ်ပါ ဒွန်တွဲပါဝင်သွားသည့်အတွက် လူဟူ သည့် ပုထုဇဉ်သတ္တဝါအဖို့ အကျင့်ပျက်ခြစားမှု၊ လာဘ်ပေးလာဘ်ယူမှုတို့ ဖြစ်ပေါ်ရန် အခြေခံကျသည့် လေးပါးသော အဂတိတရားမှ ကင်းကွာရှောင်ရှားရန် အလွန်ခက်ခဲ သွားတော့သည်။ လူတိုင်းတစ်ချိန်မဟုတ် တစ်ချိန် အဂတိတရားနှင့် ငြိစွန်းနိုင်ခြေများသွားသောကြောင့် ဖြစ်ပါသည်။ မိမိက ခင်မင်နှစ်သက်ချစ်မြတ်နိုးသူ၊ ဆွေမျိုးတော်စပ်သူဆိုလျှင်တော့ အကျိုးလိုလို လားလားနှင့် လုပ်ပေးလိုက်မိသည် (ဆန္ဒာဂတိ)။ မိမိက မချစ်မနှစ်သက်မုန်းသည့် သူဆိုလျှင်တော့ အငြိုးအတေးထား၍သော် လည်းကောင်း၊ အာဃာတအငြိုးထား၍သော် လည်ကောင်း တစ်ဖက်သတ် ဒေါသစိတ်ဖြင့်ပြုမူ မိတတ်ပါသည် (ဒေါသာဂတိ)။ ကိုယ်ကမနှစ်သက်သော်လည်း၊ အများနည်းတူ ဆောင်ရွက်လိုသော်လည်း ခြိမ်းခြောက်အကျပ်ကိုင်မှုကြောင့် ကြောက်၍ လုပ်ပေးလိုက်မိသည် (ဘယာဂတိ)။ အမှားအမှန် အကြောင်း အကျိုးအကောင်း၊ အဆိုးမသိ၍၊ တွေဝေနေ၍ မသိနားမလည်ဘဲ လုပ်ပေးလိုက်မိသည် (မောဟာကတိ)။ ဘယ် အဂတိနှင့်မှ မလွတ်ကင်းနိုင်ဘဲ ရုန်းထွက်ရန် ခက်ခဲလှပါသည်။
လောဘ၊ ဒေါသ၊ မောဟတရားများကင်းဝေးရန်လိုအပ်
ထို့ကြောင့် အဂတိဟုဆိုရာတွင် လူ့အလွှာတစ်ခု တည်းပေါ်တွင် အထူးအာရုံပြု၍ ညွှန်းဆိုအရေးယူ ဆောင်ရွက်ရန်ထက် အဂတိတွင် အကျုံးပါဝင်သည့် မျက်နှာသာပေးခြင်းနှင့် ဘက်လိုက်ခြင်းများကင်းရှင်း စေရန်နှင့် အခြေခံအကြောင်းတရား မူလစိတ်များဖြစ်သည့် လောဘ၊ ဒေါသ၊ မောဟများကင်းဝေးစေရန် လူတိုင်းတွင် ကောင်းမွန်သောအလေ့အထများ၊ ကျင့်စဉ် များလေ့ကျင့်အားထုတ် သင်ကြားသင့်ပါသည်။ သို့မှသာ မကောင်းသော အကျင့်စရိုက်များနေရာတွင် ကောင်းသော အကျင့်စရိုက်များက အစားထိုးနေရာယူလာနိုင်ပါမည်။ မြတ်ဗုဒ္ဓ အဆုံးအမ တရားများအပေါ်တွင် အခြေခံ၍ ကောင်းသော အကျင့်နှင့် မကောင်းသောအကျင့်များကို ခွဲခြားတတ်နေစေရန် ကလေးသူငယ်မူလတန်း ကျောင်းသားဘဝကတည်းက လေ့ကျင့်ပျိုးထောင်ပေးရန် အထူးအာရုံစိုက်အလေးအနက်ထား ဆောင်ရွက်မှသာ အဂတိတိုက်ဖျက်မှု အောင်မြင်ရန် အဝေးကြီး လိုသေးသည်ဆိုသော မှတ်ချက်မှ ရှောင်ခွာနိုင်မည်။ အကျင့်ပျက်ခြစားမှုကြောင့် မိမိကိုယ်တိုင်လည်းဘဝပျက်၊ ထူပြော ပျံ့နှံ့လာသော ခြစားမှုများကြောင့် နိုင်ငံလည်းပျက်သုဉ်း ခြင်းအန္တရာယ်မှ ကင်းဝေးနိုင်မည် ဖြစ်ပါသည်။
ဣဿာမစ္ဆရိယနှင့် ချစ်ခြင်းမုန်းခြင်း
မြတ်ဗုဒ္ဓ၏ ဘာသာတရား အဆုံးအမအတိုင်း ခံယူလိုက်နာခြင်း၊ ကိုယ်တိုင်လည်း ကျင့်ကြံအားထုတ်ခြင်းသည် လာဘ်လာဘကို မျှော်ကိုးလိုစိတ် လျော့နည်းစေပါသည်။ မေတ္တာ၊ ကရုဏာ၊ မုဒိတာကို အခြေမခံဘဲ ချစ်ခင်စိတ်၊ လိုလားစိတ်၊ တဏှာစိတ်ဖြင့် ပေးကမ်းမိသည်၊ ယူမိသည်။ ဤအချက်တွေက ဆန္ဒာဂတိကို ဖြစ်စေပါသည်။ မကောင်းမှုဒုစရိုက်များ ပြုလုပ်ရမည်ကို ရှက်ခြင်းသဘော “အဟိရိက” နှင့် ထိုသို့ပြုရခြင်းကို မကြောက်ခြင်းသဘော “အနုတ္တပ္ပ” တရားများကလောဘ၊ ဒေါသ၊ မောဟဖြစ်စေရန် စေ့ဆော်ပေးပါသည်။ ဘာသာတရားအဆုံးအမများက ကပ်ငြိတွယ်တာလိုသည့် လောဘ သဘော တွေကိုလည်း ပပျောက်စေပါသည်။ “ဣဿာ မစ္ဆရိယ” မနာလို ဝန်တိုမှုက ချစ်ခြင်း၊ မုန်းခြင်းကိုဖြစ်စေသည်။ ဒီချစ်ခြင်း၊ မုန်းခြင်းကပင် အဂတိတရားတွေကို ဖြစ်စေသည်။ “ဣဿာ” က ငြူစူသည့် သဘော၊ ကိုယ့်ထက်သာ မနာလိုမှုသဘော၊ တရားသဘောအရ ဆိုလျှင် တစ်ပါးသူပစ္စည်းစည်းစိမ်ကို မြင်လျှင်၊ ကြားလျှင် ကို သည်းမခံနိုင်ခြင်း၊ တခြားသူ၏ အာရုံကို ယူချင်၊ ရချင် သည့်သဘောဖြစ်ပြီး“မစ္ဆရိယ”က ဝန်တိုတွန့်တိုသည့်၊ ခံပြင်းသည့် သဘောများဖြစ်သည်။ “ဣဿာ”က တစ်ပါး သူ ပစ္စည်း၊ စည်းစိမ်ပေါ်မှာ ခံစားလျက် သည်းမခံနိုင်ဖြစ် ခြင်း၊ “မစ္ဆရိယ” က ကိုယ့်ပစ္စည်း တစ်ပါးသူထံပါသွားမှာစိုး၍ နှမြောခြင်း နှစ်ခုစလုံးသည် အဂတိကိုဆောင်ပြီး အနုတ်လက္ခဏာဖြစ်သည့် သံယောဇဉ်တရားများသာ ဖြစ်သည်။
အမှားကအမှန် အမှန်ကအမှား
ငွေကြေး၊ လာဘ်လာဘကချစ်ခြင်း၊ မုန်းခြင်းနှင့် မောဟကိုဖြစ်စေပါသည်။ ချစ်ခြင်း၊ မုန်းခြင်းကြောင့်ပင် မိမိချစ်သောသူက အမှန်ဖြစ်ရပြီး မိမိမုန်းသောသူက အမှားဖြစ်ရသည်။ လာဘ်လာဘပေးနိုင်သူကို အမှန်ဖြစ်စေပြီး မပေးနိုင်သူက အမှားဖြစ်ရ သည်။ အမှန်ကအမှား ဖြစ်ရသည်။ ချစ်ခြင်း၊ မုန်းခြင်းကပင် နေရာတစ်ခု၊ အခွင့်အရေးတစ်ခုအတွက် လမ်းဖွင့်ပေးသလို ဖြစ်သွားရပါသည်။ မထိုက်တန်လည်း ထိုက်တန်သည့်နေရာ အပေးခံရတတ်ပါသည်။ ထိုက်တန်သူက အခွင့်အရေး လက်လွှတ် လိုက်ရတာမျိုးတွေ ရှိတတ်သည်။ အကြောက်တရားကြောင့် အမှားကအမှန်၊ အမှန်ကအမှားဖြစ်ရကာ ဆင်ခြင်တုံတရားနှင့် ဝေးကွာသွားရသည်။ လူ့အဖွဲ့အစည်းတစ်ခုတွင် အဂတိလိုက်စားမှုများ ကိန်းအောင်း နေသူများပြားလာလျှင် ထိုအဖွဲ့အစည်း၏ ဂုဏ်သတင်းပါ မှေးမှိန်ထိခိုက်ရပါသည်။ ကိုယ်ကျင့်တရားတို့ တိမ်းစောင်း ချွတ်ချော်ပြီးမပြုသင့် မပြုထိုက်သည့်အမှား များကြောင့် တာဝန်ဝတ္တရားပါ ထိခိုက်လာကြရပါသည်။
ဘာဝနာဖြင့်သာငြိမ်းချမ်းရာ
၎င်းလေးပါးသည် အဂတိဖြစ်ခြင်း၊ မျက်နှာလိုက်ခြင်းတို့၏ အခြေခံ အကြောင်းတရားများ ဖြစ်သလိုလောဘ၊ ဒေါသ၊ မောဟစသည့် တရားဆိုးများနှင့် ယှဉ်တွဲမှီခိုနေသော အကုသိုလ်စိတ်များလည်း ဖြစ်ကြပါသည်။ မိမိစိတ်က သန့်ရှင်း စင်ကြယ်နေလျှင် ထိုသံယောဇဉ်များပေါ်တွင် တွယ်တာမှုလျော့သွားမည် ဖြစ်သည်။ မစင်ကြယ် မငြိမ်းချမ်းသည့် မိမိမနောစိတ် ကို ဘာဝနာတရားဖြင့် ဖြတ်တောက်ခြင်းဖြင့် သန့်ရှင်းစင်ကြယ်သည့် စိတ်ဖြစ်ပေါ်ကာ ငြိမ်းချမ်းမှုကို ရရှိနိုင် သည်။ ချစ်ခြင်း၊ မုန်းခြင်းစသည့် ဝေဒနာ တရားများအပေါ် မမြဲမှု၊ အစိုးမရမှု၊ အစဉ်ဆင်းရဲမှုများကို ဆင်ခြင်နိုင်ခြင်းအားဖြင့် လောဘလည်းကင်း၊ ဒေါသလည်းကင်း၊ မောဟလည်း ကင်းလာကြရသည်။
အဂတိလိုက်စားမှုသည် လူအများစုတွင် အမြစ်တွယ်လှိုက်စားနေသည့် စရိုက်ဆိုးတစ်ခုဖြစ်၍ နိုင်ငံအတွက် ပြဿနာ တစ်ရပ်ဖြစ်သလို တိုင်းပြည်အတော်များများတွင် ရင်ဆိုင်နေရသည့် အခြေအနေဖြစ်၍ အပြည်ပြည်ဆိုင်ရာ ပြဿနာ တစ်ရပ်လည်း ဖြစ်ပါသည်။ ကောင်းမွန်သော လူ့ဘောင်အဖွဲ့အစည်းတစ်ခုအတွက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးနှင့် အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးအောင်မြင်ရန်ဟူသည် ငယ်စဉ်ကလေးဘဝ၊ မူလတန်းကျောင်းနေအရွယ် ကလေးလူငယ်ဘဝ ကတည်းကပင် အမှန်တရားကို မြတ်နိုးစိတ်၊ အမှန်အမှားကို ခွဲခြားသိမြင်နိုင်စွမ်းရည်၊ လူ့တန်ဖိုး၊ လူ့ဂုဏ်သိက္ခာကို တန်ဖိုးထားလိုစိတ်များအား ဂရုတစိုက် မွေးမြူလေ့ကျင့်ပေးထားမှသာ တော်ကာကျပေမည်။ လာဘ်လာဘကို မျှော်ကိုး လိုသောစိတ်၊ အခွင့်ထူးခံလိုစိတ်၊ ကိုယ်နှင့် မထိုက်သည်ကို ရယူချင်စိတ်၊ အလွဲသုံးစားပြုလိုစိတ်၊ ခြစားမှုအား မစင်ကဲ့သို့ စက်ဆုပ်ရွံ့ရှာသော စိတ်များကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ပညာရပ်တစ်ခုအနေဖြင့် သင်ကြားပို့ချပြီး နှလုံးသားနှင့် ဦးနှောက်ထဲတွင် သံမှိုနှက်သကဲ့သို့ ရိုက်သွင်းထားမှသာ ယနေ့ဆောင်ရွက် အကောင်အထည်ဖော်နေသော အဂတိတိုက်ဖျက်ရေး ဆောင်ရွက်ချက်များနှင့် ဟန်ချက်ညီမည် ဖြစ်ပါသည်။ သို့မှသာ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးကို ရှေးရှုသည့် အောင်မြင်မှု ရလဒ်ကောင်းများကို တွေ့မြင်ခံစားနိုင်မည်ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။
“အကုသိုလ်တရားများ ကင်းဝေး၍ တရားမျှတ မှုအားကောင်းကာ ကောင်းမှု၊ မကောင်းမှု၊ တရားမှု၊ မတရားမှုများကို ခွဲခြားသိမြင်နိုင်ကြပါစေ”။ ။