၉ ဇူလိုင်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ အဓိကလိုအပ်ချက်မှာ ထာဝရငြိမ်းချမ်းရေး ဖြစ်သည်။ ငြိမ်းချမ်းခြင်း သည် လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းခြင်း ဖြစ်သည်။ တိုင်းရင်းသားပြည်သူများ၏ ပကတိလိုလားချက်မှာ လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းပြီး ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေး ဖြစ်သည်။ ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး ဖွံ့ဖြိုးတိုးတက်လာရေးမှာ ငြိမ်းချမ်းရေးဖြစ်သည်။ တိုင်းရင်းသား ပြည်သူများတန်းတူညီမျှ လူမှုဘဝမြင့်မားတိုးတက်ရေးမှာ ငြိမ်းချမ်းရေးဖြစ်သည်။ ငြိမ်းချမ်းရေးမှာ မြန်မာနိုင်ငံအတွက် အထူးလိုအပ်နေသော ကိစ္စဖြစ်သည်။
မျက်မှောက်ကာလ တိုင်းရင်းသားပြည်သူများ မျှော်မှန်းထားသောလမ်းစဉ်မှာ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသော ပြည်ထောင်စုတည်ဆောက်ရန်ဖြစ်သည်။ လက်နက်ကိုင်လမ်းစဉ်ဖြင့် ထာဝရငြိမ်းချမ်းရေးကို မတည်ဆောက်နိုင်။ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးလည်း အလှမ်းဝေးနေမည်ဖြစ်သည်။ ထို့ကြောင့် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးရရှိရေးအတွက် လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းရေးကို ဦးစွာကြိုးပမ်းအားထုတ်ကြရမည် ဖြစ်သည်။
ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးရရှိရန် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA တွင် ပါဝင်လက်မှတ်ရေးထိုးရန် လိုအပ်သည်။ NCA သည် ငြိမ်းချမ်းရေးအတွက် တစ်ခုတည်းသော မဟာဗျူဟာဖြစ်သည်။ မြန်မာနိုင်ငံတွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ ဆယ်ဂဏန်း နှစ်ခုမျှရှိသည်။ ထိုအဖွဲ့အစည်းများအားလုံး ပေါင်းစည်းမိရန် ကြိုးပမ်းအားထုတ်မှုမှာ လွယ်ကူလှသည် မဟုတ်ချေ။ ထို့ကြောင့် နှစ်ပေါင်း ၇၀ နီးပါး မငြိမ်းချမ်းသေးသော နိုင်ငံအဖြစ် သတ်မှတ်ခံရသည်။
အမှန်တကယ်တွင် လက်နက်ကိုင်အဖွဲ့အစည်းများ အပါအဝင်တိုင်းရင်းသား ပြည်သူအားလုံး ငြိမ်းချမ်းရေးကို လိုလားနေကြသည်။ ဆယ်ဂဏန်း နှစ်ခုမျှရှိသော လက်နက်ကိုင်အဖွဲ့အစည်းများအနက် ဆယ်ဂဏန်းတစ်ခု NCA တွင် လက်မှတ်ရေးထိုးခဲ့ကြပြီးဖြစ်သည်။ လက်မှတ်ရေးထိုးပြီးသော်လည်း တစ်ခါတစ်ရံတွင် ပဋိပက္ခအချို့ရှိခဲ့သည်။ တစ်ဖွဲ့နှင့်တစ်ဖွဲ့အကြား စာချုပ်ပါ သဘောတူညီချက်များ ပျက်ကွက်သဖြင့် အငြင်းပွားမှုများ၊ အပြန်အလှန်တိုင်ကြားမှုများအား ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC-U က ဖြေရှင်းဆောင်ရွက်ပေးရသည်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင်သာမက မည်သည့်အကြောင်းကိစ္စတွင်မဆို သံသယသည် အကြီးမားဆုံး ပျက်စီးမှုကို ဖြစ်စေနိုင်သော စေ့ဆော်မှုဖြစ်သည်။ သံသယပျောက်မှသာ အမှန်ဘဝသို့ ရောက်နိုင်သည်။ ယနေ့ ဖြစ်ပွားခဲ့သော ပဋိပက္ခများတွင် အမှန်တကယ် တစ်ဝက်၊ သံသယတစ်ဝက်ရှိလိမ့်မည်။ ပြဿနာတစ်ရပ်ကို ဖြေရှင်းရာ၌ သံသယတံတိုင်းခံနေသရွေ့ ဖြေရှင်းနိုင်လိမ့်မည် မဟုတ်ချေ။ သံသယကိုဖျောက်၍ ယုံကြည်မှုကို တည်ဆောက်ကြရန် လိုအပ်နေသည်။
မြန်မာနိုင်ငံတွင် လက်နက်ကိုင်ပဋိပက္ခများမှာ ရှည်လျားလှသည်။ ခါးသီးသောအတွေ့အကြုံများမှာ ရှည်ကြာခဲ့ပြီ။ ယုံကြည်မှုကို တည်ဆောက်ရာမှာ တိုတောင်းသေးသည်။ ထို့ကြောင့် ငြိမ်းချမ်းရေးခရီးစဉ်အတွင်း သံသယစိတ်နှင့် စိုးရိမ်စိတ်များ ရှိနေကြသည်မှာ ယုံမှားဖွယ်မရှိချေ။ နှစ်ဖက်လက်နက်ကိုင် အဖွဲ့အစည်း များအကြား စိုးရိမ်ပူပန်မှုကို လျှော့ချနိုင်ပြီး ယုံကြည်မှုကို မြှင့်တင်နိုင်မည့် နည်းလမ်းသစ်များကို ညှိနှိုင်းရှာဖွေ အကောင်အထည်ဖော်နိုင်ကြစေရန် တိုက်တွန်းအပ်ပါသည်။
ကျွန်ုပ်တို့သည် တစ်မြေတည်းနေ တစ်ရေတည်းဖွားသည့် ညီအစ်ကိုမောင်နှမများ ဖြစ်ကြသည်။ သမိုင်းဆိုးမွေများကို နောက်ပြန်မကြည့်ဘဲ ကောင်းမွန်သောအနာဂတ်ကို ရှေးရှု၍ အပြုသဘောဆောင် ညှိနှိုင်းအဖြေရှာနေသည်။ အပြန်အလှန်ယုံကြည်မှုကို ခိုင်မာစွာ တည်ဆောက်နိုင်ရန်အတွက် ပုဂ္ဂိုလ်ချင်း ချစ်ခင်ရင်းနှီးမှုကို အရှည်ရယူခြင်းဖြင့် ငြိမ်းချမ်းမှုအား ခိုင်မာစွာတည်ဆောက်နိုင်မည်ဟု ကြေးမုံက ရှုမြင်ပါသည်။ ။