ချစ်ခြင်းတရားတို့ရှိရာ ရုပ်သံဇာတ်လမ်းတွဲ စာနယ်ဇင်းအကြို မိတ်ဆက်ပြသ

ရန်ကုန် ၁၀ မတ် 

မြန်မာနိုင်ငံနှင့် စင်ကာပူနိုင်ငံတို့တွင် ရိုက်ကူးထားသည့် ချစ်ခြင်းတရားတို့ရှိရာ ရုပ်သံဇာတ်လမ်းတွဲ စာနယ်ဇင်းအကြို မိတ်ဆက်ပြသပွဲကို ယနေ့မွန်းလွဲ ၂ နာရီက ရန်ကုန်မြို့ Junction City ရှိ JCGV ရုပ်ရှင်ရုံ၌ ပြုလုပ်ခဲ့သည်။
အဆိုပါဇာတ်ကားကို စင်ကာပူခရီး သွားလာရေးဘုတ်အဖွဲ့ (STB) နှင့် Forever Group၏ MTRV-4ရုပ်သံလိုင်းတို့ပူးပေါင်း၍ အထင်ကရ မိတ်ဖက်ပူးပေါင်းမှု တစ်ခုအနေဖြင့် ရိုက်ကူးထားခြင်းဖြစ်ပြီး MTRV-4 ရုပ်သံလိုင်းတွင် မတ် ၁၁ ရက်မှ ဧပြီ ၅ ရက်အထိ တနင်္လာနေ့မှ သောကြာနေ့ အထိ ည ၇ နာရီတွင် ပြသသွားရန် စီစဉ်ထားသည်။

 

1

 

ထုတ်လုပ်သူ ဦးညီညီနိုင်က ''ဒီဇာတ်ကားမှာ ရိုက်ကွင်းရိုက်ကွက် အသစ်တွေ ကိုမြင်ရမယ်။ မြန်မာနိုင်ငံရဲ့ အထင်ကရနေရာတွေနဲ့ လှပတဲ့နေရာ တွေကိုတွေ့ရမယ်။ စင်ကာပူမှာဆိုရင် လည်းရိုက်ကွင်းရိုက်ကွက် လှလှလေး တွေကိုဦးစားပေးပြီး ရိုက်ကူးထားတဲ့ အတွက် ကြည့်ရတဲ့ပရိသတ်တွေအတွက် အမြင်ဆန်းသစ်စေမယ့် အချစ်ဇာတ်ကား လေးပါ။ ဒီဇာတ်ကားရဲ့ ထူးခြားချက် ကတော့ ဇာတ်ကားရဲ့ အဆုံးသတ်ပိုင်းကို ပရိသတ်က မဲပေးတဲ့စနစ်နဲ့ ဆုံးဖြတ်ပြီး ဇာတ်လမ်းရဲ့ အဆုံးသတ်ပိုင်းကို ပြသ ပေးသွားမှာဖြစ်ပါတယ်'' ဟု ပြော သည်။

 

2

 

ယင်းဇာတ်ကားကို ဒါရိုက်တာ ထွဋ်တင့်ထွန်းက ရိုက်ကူးထားပြီး ကောင်းမြတ်စံ၊ အောင်ပိုင်၊ ဖြိုးရာဇာ နိုင်၊ဆောင်းဝတ်ရည်မေ၊ မေဧကရီထူး၊ နေရည်ဝင်းလဲ့၊ အကယ်ဒမီရဲအောင်၊ မင်းသူ၊ ရန်ကျော်၊ အကယ်ဒမီချိုပြုံး၊ အကယ်ဒမီခင်ဇာခြည်ကျော်၊ ဆုထက် ကုဋေတို့ ပါဝင်သရုပ်ဆောင်ထားကာ အပိုင်း ၂၀ ပါရှိသော ဒရာမာဇာတ်လမ်း တွဲကြီးဖြစ်သည်။

 

666

 

သရုပ်ဆောင် ကောင်းမြတ်စံက ''စင်ကာပူမှာ သွားရိုက်တဲ့အခါ တော်တော် စည်းကမ်းကြီးတယ်။ ကျွန်တော်ကတော့ ရိုက်ကွင်းနားတဲ့ အချိန်ဆိုရင် ဈေးဝယ်ပဲထွက်တယ်။ ဒီဇာတ်ကားထဲမှာတော့ ကျွန်တော့်ရဲ့ ဇာတ်ကောင်စရိုက်က နှစ်မျိုးပါ။ ဇာတ် လမ်းအစပိုင်းမှာ ဆယ်တန်းကျောင်း သားလေးတစ်ယောက်ပါ။ ကျောင်းပြီး သွားတဲ့အချိန်မှာတော့ ကျွန်တော် ဖြစ်ချင်တဲ့အရာကို စင်ကာပူမှာသွားပြီး အကောင်အထည်ဖော်တဲ့ ပုံလေးသရုပ် ဆောင်ထားပါတယ်'' ဟု ပြောသည်။

ဇာတ်ကား၏ အဆုံးသတ်ပိုင်းကို ပရိသတ်များအကြိုက် ပြောင်းလဲဆုံးဖြတ် ပေးနိုင်ရန် ပုံစံနှစ်မျိုးဖြင့် ကြိုတင်ရိုက်ကူး ထားရှိပြီး ဇာတ်သိမ်းပိုင်းကို MRTV-4 နှင့် STB ၏ Facebook profile များတွင် ဆန်းသစ်သော အပြန်အလှန် မဲပေးသည့် စနစ်တစ်ခုဖြင့် ဆုံးဖြတ်ပြသ ပေးသွားမည်ဖြစ်သည့်အတွက် ပရိသတ် များအနေဖြင့် ဖြစ်နိုင်သည့်ဇာတ်သိမ်း နှစ်ခုမှ တစ်ခုကို ရွေးချယ်မဲပေးနိုင်ကြောင်း သိရသည်။

မြန်မာပရိသတ်များအား စင်ကာပူနှင့် ပိုမိုနက်ရှိုင်းစွာ ဆက်နွှယ်စေနိုင်ပြီး ၎င်းတို့၏ စိတ်အားထက်သန်မှုတို့ကို ဖြစ်နိုင်စွမ်းများအဖြစ်သို့ ပြောင်းလဲပေး နိုင်ရန် ရည်ရွယ်ရိုက်ကူးထားခြင်းဖြစ် ကြောင်း သိရသည်။

အဆိုပါ မိတ်ဆက်ပြသပွဲသို့ ရန်ကုန် တိုင်းဒေသကြီး လွှတ်တော်ဒုတိယ ဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနညွှန်ကြားရေးမှူး ချုပ် ဦးရဲနိုင်၊ မြန်မာနိုင်ငံဆိုင်ရာ စင်ကာပူ နိုင်ငံ သံအမတ်ကြီး H.E.Mrs. Vanessa Chan ၊ ရုပ်ရှင်အနုပညာ ရှင်များနှင့် ဖိတ်ကြား ထားသူများတက် ရောက်ကြပြီး ''ချစ်ခြင်းတရားတို့ရှိရာ'' ရုပ်သံဇာတ်လမ်းတွဲအကျဉ်းကို တက် ရောက်လာသူများနှင့် အတူ ကြည့်ရှုကြ သည်။

သတင်း-ဇော်ကြီး၊ 
ဓာတ်ပုံ-ဖေဇော်