မောင်အောင်

 

“မြေးကလေး မောင်ရွှေသွေးရေ”

 

“စနေနေ့မနက်က ငါ့မြေး ရင်ခုန်လှိုက်မောစွာနဲ့ ဖုန်းဆက်လာသံကြားရတော့၊ ဘဘဝမ်းသာ ကြည်နူးမိတယ်။ ငါ့မြေး တက္ကသိုလ်ကျောင်းသား ကြီးဖြစ်တော့မယ်။ ရှေ့ဆက်ပြီး လျှောက်ရမည့်ဘဝ လမ်းအတွက် အားသစ်အင်သစ်တွေ ပြည့်ဝအောင် ကြိုးစားရတော့မယ်။”

 

“ဘဘတို့ မောင်မယ်သစ်လွင်ကြိုဆိုပွဲမှာ ဘာတွေလုပ်ကြသလဲ။ သားတို့တော့ တက္ကသိုလ်ပါမောက္ခချုပ်နဲ့ ပါမောက္ခတွေက အခမ်းအနားနဲ့ကြိုဆိုမယ်။ အတန်းကြီးညီအစ်ကို မောင်နှမတွေက အဆိုအကနဲ့ ကြိုဆိုကြမယ်။ ဘဘတို့ ခေတ်နဲ့မတူဘဲ သားတို့က ပိုပြီးပျော်စရာကောင်းတာက ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမကြီးမှာ သားတို့မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်ရော၊ စိုက်ပျိုးရေးတက္ကသိုလ်က ကျောင်းသားတွေကိုပါ ကြိုဆိုကြမှာ။ သားဆိုညတုန်းက အိပ်လို့တောင် မပျော်ဘူး။ မနက်ဘက်မှာ တွေ့ကြုံရမယ့် မောင်မယ် သစ်လွင်ကြိုဆိုပွဲကို တွေးပြီး ရင်ခုန်နေမိတယ်။ အဲဒါကြောင့် ဒီမနက် ဘဘဆီ ဖုန်းဆက်လိုက်တာ။ ကဲ ဒါပဲ ဒါပဲ ဘဘရေ။ သား ရေချိုး၊ အဝတ်အစား လဲပြီး ရှိုးထုတ်ရဦးမယ်။”

 

ရင်ခုန်လှုပ်ရှားမှု

 

မြေးကလေး မောင်ရွှေသွေးက အရင်ဆိုဖုန်းဆက်လျှင် ဖွဲ့ဖွဲ့နွဲ့နွဲ့ပြောတတ်သည်။ ကျွန်တော်မအား၍ စကားစဖြတ်သည်ကိုပင် အဖြတ်မခံ။ ချွဲသည်။ နွဲ့သည်။ သူသိချင်တာမေးသည်။ သူလိုချင်တာ ပူဆာသည်။ အကျိုးအကြောင်းဖြင့် ပြောတတ်၊ တောင်းတတ်သူမို့ သူလိုချင်တာကို ဖြည့်ဆည်းပေးရသည်ချည်းပင်။ ယခုတော့ မောင်မယ် သစ်လွင်ကြိုဆိုပွဲကြောင့် သူ၏ ရင်ခုန်လှုပ်ရှားမှုက လိုချင်တာကို တောင်းဖို့မေ့နေသည် အထိပင်။

 

“မြေးကလေး မောင်ရွှေသွေး”

 

ဘဘတို့တုန်းကလည်း မင်းတို့လိုပါပဲ။ ရင်ခုန်လှုပ်ရှားရတာပေါ့ကွာ။ မှတ်မှတ်ရရပြောရရင်တော့ ၁၉၆၉ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့။ လွန်ခဲ့တဲ့ (၅၃) နှစ်ကပေါ့ကွာ။ ဘဘအဲဒီနှစ်မှာ အခြေခံပညာ အထက်တန်း ဆယ်တန်းအောင်တယ်။ အမှတ်စာရင်းတွေထွက်လာပြီးတော့ ဘဘဝါသနာပါတဲ့ တိရစ္ဆာန်မွေးမြူရေးနှင့် ဆေးကုသရေးတက္ကသိုလ်ကို လျှောက်ခဲ့တယ်။ တက်ခွင့်ရပါတယ်။ အဲဒါကြောင့် ရန်ကုန်ပြည်လမ်းမှာရှိတဲ့ တက္ကသိုလ်အုပ်ချုပ်ရေးရုံး မှာ တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာ ကိုယ့်ဘာသာသွားပြီး လျှောက်ခဲ့ရတာ။

 

ဒီနေရာမှာ ငါ့မြေးတို့ရဲ့ ဘိုးဘိုး၊ ဘဘရဲ့အဖေကို အခုအချိန်မှာ ပြန်တွေးကြည့်ပြီး အထူးလေးစား ကြည်ညိုမိတယ်။ ဘာ့ကြောင့်လဲဆိုတာ ဘဘက အိမ်မှာ နို့ညှာ။ နို့ညှာဆိုတာက ဘဘရဲ့အောက်မှာ ဘဘညီ ဦးနိုင်တစ်ယောက်ပဲရှိပြီး ဘဘရဲ့အထက် မှာတော့ အစ်မကြီးနှစ်ယောက်ရှိတာ သားလည်း အသိပဲ။ ဘဘတို့တုန်းက အငယ်ဆုံးဆို နို့စို့လို့ ခေါ်ပြီး သူ့အထက်ကို နို့ညှာလို့ခေါ်ကြတာ။ ဘဘက ဆယ်တန်းစာမေးပွဲဖြေပြီးတဲ့အထိ ရန်ကုန်ကို ဘိုးဘိုးနဲ့တစ်ခေါက် နှစ်ခေါက်ပဲရောက်ဖူးတာ။ ကိုယ့်ဘာသာတစ်ယောက်တည်း တစ်ခါမှမသွားဖူးဘူး။ အဲဆယ်တန်းစာမေးပွဲ အောင်စာရင်းလည်းထွက် ရော ဘိုးဘိုးက ဘဘကို အားလုံးကိုယ့်ဘာသာ လုပ်ခိုင်းတာ။ အထူးသဖြင့် ရန်ကုန်တက္ကသိုလ် အုပ်ချုပ်ရေးရုံးကို တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာတင်တာ ဘဘတစ်ယောက်တည်း လွှတ်လိုက်တာ။

 

ဘဘတို့ဇာတိ ကျိုက်လတ်မြို့က ရန်ကုန်နဲ့ ရေမိုင်အားဖြင့် ၄၈ မိုင်ဝေးတာ။ အဲဒီတုန်းက အခုလို ကားလမ်းမရှိသေးဘူး။ ကျိုက်လတ်မှာ ကားဆိုလို့ မီးသတ်ကားရယ်၊ ရဲမှူးစီးတဲ့ကားရယ်၊ မိလ္လာကားရယ်ပဲရှိတာ။ ကျိုက်လတ်ကနေ ရန်ကုန် ကို သွားချင်ရင် ကျိုက်လတ်ကထွက်တဲ့ကြား သင်္ဘော (မော်တော်) စီးရင်စီး၊ ဒါမှမဟုတ် ဖျာပုံက ထွက်တဲ့ ဧရာဝတီ နှစ်ထပ်သင်္ဘောစီးချင်ရင်စီးလို့ ရတယ်။ အဲဒီ ဧရာဝတီသင်္ဘောက ဖျာပုံကနေ မနက် ခုနစ်နာရီ ထွက်တယ်။ ကျိုက်လတ်ကို ကိုးနာရီ ပတ်ဝန်းကျင်ရောက်တယ်။ ကုန်တင်လူတင်ပြီး ကျိုက်လတ်ကနေ မနက်ဆယ်နာရီလောက် ပြန်ထွက် ရင် ရန်ကုန်ကို နေ့လယ်တစ်နာရီခွဲ၊ နှစ်နာရီ လောက်ရောက်တယ်။ ဖျာပုံသင်္ဘောက ဖျာပုံကနေ မနက်ခုနစ်နာရီတစ်စင်း၊ ည ခုနစ်နာရီ တစ်စင်းထွက် တယ်။ မော်လမြိုင်ကျွန်းကလည်း ဧရာဝတီသင်္ဘော မနက်တစ်စင်း၊ ညတစ်စင်းထွက်တယ်။ ကျိုက်လတ်က ထွက်ပြီး တစ်နာရီခွဲလောက်ကြာရင် ကျိုက်ထော်ရောက်။ ပြီးတော့ တွံတေးရောက်တယ်။ ပြီးတော့မှ ရန်ကုန်ရောက်တယ်။

 

ရန်ကုန်မှာ အမေ့အမျိုးတွေက ဗဟိုရ်စည်မှာ ရှိပြီး အဖေ့ရဲ့အစ်မကြီးက ပုဇွန်တောင်၊ ရေကျော်မှာ ရှိတယ်။ ဗဟိုရ်စည်ရဲ့ရပ်ကွက်က မော်တင်ဈေးနဲ့ ကပ်လျက်ရှိတာ။ ဘဘတို့ ကျိုက်လတ်သင်္ဘောက လှည်းတန်း ကမ်းနားဆိပ်မှာဆိုတော့ အဲဒီမော်တင် လမ်းအတိုင်း လျှောက်လာရင် နာရီဝက်လောက်ပဲ လျှောက်ရတာကြောင့် ဘဘလမ်းလျှောက်ပြီး အဒေါ်တို့ရှိတဲ့အိမ် မော်တင်လမ်းကို လျှောက်ခဲ့ပြီး ညဘက် အဲဒီမှာအိပ်လိုက်တယ်။ အဲဒီ ညနေဘက် ဘိုးဘိုးမှာလိုက်တဲ့ နောက်တစ်နေ့မနက် တက္ကသိုလ် အုပ်ချုပ်ရေးရုံးကို သွားမယ့်နံပါတ် (၈)ဘတ်စ်ကား ဂိတ်ကို သွားပြီး ကြည့်ထားလိုက်တယ်။

 

လက်ဆင့်ကမ်းပေးခဲ့ချင်

 

နောက်တစ်နေ့မနက်တော့ စောစောထရေချိုး၊ အဒေါ့်အိမ်ကကျွေးတဲ့ ပဲပြုတ်ထမင်းကြော်စားပြီး ကားဂိတ်ကို ထွက်ခဲ့တယ်။ ဘဘတို့ငယ်ငယ်တုန်း ကတည်းက အခုအချိန်အထိ မနက်စောစော (Breakfast) ဆိုရင် ထမင်းကြမ်းကြော်နဲ့ ပဲပြုတ် ပဲစား၊ ရေနွေးကြမ်းပဲ သောက်ကြတာ။ ဘဘတို့က တောသားတွေဆိုတော့ ကော်ဖီတို့ လက်ဖက်ရည်တို့ ဆိုတာ ဖျားတဲ့အခါ၊ နေမကောင်းတဲ့အခါ၊ ထမင်း မစားနိုင်တဲ့အခါမှ အားရှိအောင် ပေါင်မုန့်လေးနဲ့ စားကြသောက်ကြတာ။ ဘဘတက္ကသိုလ်ဝင်ခွင့် လျှောက်လွှာသွားတင်တော့ တည်းတဲ့အိမ်က ဦးလေးက လိုက်ပို့မယ်ပြောရှာပါတယ်။ အဲ ဒါပေမယ့် ဘဘက ဘိုးဘိုးမှာလိုက်တဲ့ စကားကို အမြဲပဲကြား နေပြီး လိုက်နာမိတယ်။ ဘိုးဘိုးက “ငါ့သား မင်းဆယ် တန်းအောင်ပြီး လူ့ဘဝထဲကို မင်းဘာသာရုန်းကန်ရတော့မယ်။ ဘယ်သူ့ကိုမှ အားမကိုးနဲ့ ကိုယ့်အား ကိုယ်ကိုးပါ။ ကိုယ့်လမ်းကိုယ်လျှောက်ပါ။ ကိုယ့် ဘဝအောင်မြင်အောင် ကိုယ်ကြိုးစားပါ။” အဲဒီ ဘိုးဘိုး ရဲ့စကားကို ဘဘအမြဲနားထောင်ခဲ့တယ်။ လိုက်နာ ကျင့်သုံးခဲ့တယ်။ ငါ့မြေးကိုလည်း ဘိုးဘိုးရဲ့ အမွေကို လက်ဆင့်ကမ်းပေးခဲ့ချင်ပါတယ်။

 

ဘဘအိမ်ကထွက်ပြီး ဘုန်းကြီးလမ်း ကားလမ်းဂိတ်မှာစောင့်လို့ သိပ်မကြာပါဘူး။ နံပါတ် (၈) ကားကြီးရောက်လာတယ်။ အဲဒီတုန်းက သားတို့တောင် မမြင်ဖူးတဲ့ ဗိုက်ပူကားကြီးတွေရှိတယ်။ ဗိုက်ပူကား ကိုယ်ထည်က သစ်သားနဲ့လုပ်ထားတာ။ ကားဖရိန်ကို သစ်နဲ့လုပ်ပြီး အမိုးနဲ့ဘေးအပြင်ဘက်က သံပြားနဲ့လုပ်ထားတာ။ ဟီးနိုးဘတ်စ်ကားကြီးတွေထက် အလျားတိုတယ်။ ဘဘမှတ်မိသလောက် ရန်ကုန်မှာ ဘတ်စ်ကားလိုင်း ၁၆ လိုင်းလောက်ပဲရှိတယ်။ နံပါတ် (၈)၊ (၉)၊ (၁၂) နဲ့ (၁၆) က ဂျပန်ဟီးနိုး ကားတွေ။ ကျန်တာက ဗိုက်ပူကားတွေပဲ။ အဲဒီ တုန်းက ဗိုလ်ချုပ်အောင်ဆန်းလမ်း နောက်ဘက် ကပ်လျက်မှာ ရန်ကုန်ထောင်ကြီးရှိတယ်။ ထောင်ကြီးက ကီလီလမ်းကနေ လမ်းမတော်အထိပဲ။ အခုရှိနေတဲ့ ဘုန်းကြီးလမ်းထောင့်က ဆေးရုံကြီး မရှိသေးဘူး။

 

ဗိသုကာလက်ရာ ဆုတောင်ရဖူး

 

ဘိုးဘိုးမှာလိုက်တာက အလုံလမ်းကျော်ရင် ဘယ်ဘက်မှာ ဗိုလ်ရှုခံ (ယခုပြည်သူ့လွှတ်တော်) ညာဘက်မှာ ဗိုလ်ရွေးအဖွဲ့ (ယခုပြည်သူ့ရင်ပြင်) ရှိတယ်။ အဲဒါပြီးတော့ မြေနီကုန်း။ မြေနီကုန်းမှာ ရုပ်ရှင်ရုံသုံးရုံရှိတယ်။ မြေနီကုန်းပြီးရင် ဟံသာဝတီအဝိုင်း။ ပြီးတော့ မြန်မာ့အသံနဲ့ ပညာရေးတက္ကသိုလ်က မျက်နှာချင်းဆိုင်။ အဲဒီမှတ်တိုင်မှာ ဆင်းရင် တက္ကသိုလ်အုပ်ချုပ်ရေးရုံးနဲ့ လိပ်ခုံးကြီး။ အဲဒီ တက္ကသိုလ်အုပ်ချုပ်ရေးရုံး၊ လိပ်ခုံးနဲ့ ဆေးတက္ကသိုလ် (၁) က ဟိုတုန်းက အရှေ့တောင်အာရှမှာ ဗိသုကာလက်ရာ ဆုတောင်ရဖူးတယ်လို့ ဘိုးဘိုးပြောတာ။ ဘဘလည်း ကားထိုင်ခုံ နေရာရတာတောင် မထိုင်ရဲဘဲ မှတ်တိုင်တစ်ခုပြီးတစ်ခု ကြည့်လာခဲ့ရတယ်။ အဲဒီတုန်းက ဘုန်းကြီးလမ်းကနေ အဲဒီ မြန်မာ့အသံမှတ်တိုင် (စိုက်ပျိုးရေးမှတ်တိုင်) ကို ကားစီးရင် ကားခက ဆယ်ပြားပဲပေးရတာ။ မြေနီကုန်း မှတ်တိုင်ရောက်တော့ ဆင်းပြီးလမ်းလျှောက်မယ် လို့ဆုံးဖြတ်ပြီး လမ်းဆင်းလျှောက်ခဲ့တယ်။ ဟံသာ ဝတီအဝိုင်းရောက် ဆက်ပြီးလျှောက်၊ မြန်မာ့အသံ နားရောက်တော့ တက္ကသိုလ်အုပ်ချုပ်ရေးရုံးကြီးကို လှမ်းမြင်ရပြီ။ အဲဒီကို လျှောက်သွားပြီး တက္ကသိုလ် ဝင်ခွင့်လျှောက်တဲ့နေရာမှာတင်ဖြစ်တယ်။ လက်ခံတဲ့လူက သေချာစစ်ဆေးပြီး လက်ခံလိုက်တယ်။ အဲဒီကပြန်အထွက်တော့ ဘဘအတော်လေး ပျော်သွားတယ်။ အလုပ်တစ်ခုကို ဘယ်သူ့အကူ အညီမှမလိုဘဲ လုပ်နိုင်ပါလားလို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလည်း အပြည့်ရှိလာတယ်။ အဲဒါ ဘိုးဘိုးကြီး ကျေးဇူးပဲလေ။

 

မောင်မယ်သစ်လွင်ကြိုဆိုပွဲ

 

ဘဘတို့ မောင်မယ်သစ်လွင်ကြိုဆိုပွဲကိုတော့ ဆေးတက္ကသိုလ် (၁) စာသင်ခန်းမ (သီရေတာ) ၁၆ မှာလုပ်တယ်။ ခန်းမကြီးက ပွဲကြည့်စင်လိုပဲ။ ကျောင်းသားတွေက အဆင့်လိုက် မြင့်တက်သွားပြီး စာသင်တဲ့ဆရာက အောက်ဘက်က စင်မြင့်မှာ။ ဘဘတို့ မူလတန်း၊ အလယ်တန်းနဲ့ အထက်တန်း ကျောင်းမှာတုန်းက ဒီလိုစာသင်ခန်းမျိုးရှိမှ မရှိ တော့ အဆန်းပေါ့။ ငါ့မြေးတို့ခေတ်ကျတော့ မဆန်း တော့ဘူးလေ။ ပြီးတော့ ဘဘတို့တက်ရတဲ့ ဆေး အကြိုသင်တန်း (ပထမနှစ်) က MBBS-ဆေး ပညာ ဘွဲ့၊ သွားဆေးပညာနဲ့ တိရစ္ဆာန်ဆေးကုပညာ ပထမနှစ်ကို အတူတူပေါင်းပြီး တက်ရတာ။ ဆေး တက္ကသိုလ်ကကျောင်းသားသစ် ၃ဝဝ ခေါ်ပြီး သွားဆေးပညာက လူ ၅ဝ ၊ ဘဘတို့ တိရစ္ဆာန် ဆေး ကုက ကျောင်းသူ ကျောင်းသား ၁၅ဝ ။

 

အဲဒီတုန်းက သွားဘက်ဆိုင်ရာဆေးတက္ကသိုလ် လို့ မခေါ်သေးဘူး။ သွားဘက်ဆိုင်ရာ ဆေးကောလိပ် ပဲခေါ်တာ။ ဘဘတို့ တက္ကသိုလ်ကလည်း မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ် မဟုတ်သေး ဘူး။ တိရစ္ဆာန်မွေးမြူရေးနှင့် ဆေးကုသရေး တက္ကသိုလ်လို့ခေါ်တာ။ ဆေးတက္ကသိုလ် (၁) ပါမောက္ခချုပ်က ဒေါက်တာဘသန်း ။ ပါမောက္ခချုပ် က အနောက်တိုင်းဝတ်စုံနဲ့ ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြတယ်။ ကျန်တဲ့ပါမောက္ခ၊ ဌာနမှူးတွေလည်း ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြတယ်။ ဘဘမှတ်မိတာက ဓာတုဗေဒဌာန၊ ပါမောက္ခ/ ဌာနမှူး ဒေါက်တာမင်းတင်မွန်နဲ့ အင်္ဂလိပ်စာဌာနမှူး ဆရာမကြီး ဒေါ်ခင်သီတာ။ ဆရာဒေါက်တာမင်းတင်မွန်ကတော့ စကားဝဲပြီး စကားပြော ကောင်းလို့မှတ်မိတာ။ အင်္ဂလိပ်စာ ဌာနမှူး ဆရာမဒေါ်ခင်သီတာကို မှတ်မိတာကတော့ ကြိုဆိုနှုတ်ခွန်းဆက်စကားကို အင်္ဂလိပ်လို ပြောတာကြောင့် နယ်ကတက်လာတဲ့ ဘဘတို့ ကျောင်းသားတစ်စု ဘာမှနားမလည်လို့ မှတ်မိတာ။ ဆရာမစကားပြောအပြီး ဘယ်တော့ပြီးသွားမှန်း မသိလို့ လက်ခုပ်တောင်မတီးလိုက်ရဘူး။

ပထမနှစ်မှာ ကျောင်းဆောင်နေရတာတော့ အနော်ရထာလမ်းနဲ့ လသာလမ်းထောင့်က လသာဆောင်ပဲ။ လေးထပ်အဆောက်အအုံ။ အခု စာစစ် ဦးစီးဌာနလုပ်ထားတာ။ အပေါ်ဆုံးထပ်မှာ အခန်းကျယ်ကြီးလေးခန်းရှိတယ်။ တတိယထပ်မှာ နှစ်ယောက်ခန်းတွေရှိတယ်။ ဒုတိယထပ်က ထမင်းစားခန်းနဲ့ နှစ်ယောက်ခန်းတချို့ရှိတယ်။ အောက်ဆုံးထပ်ကတော့ ဧည့်ခန်း၊ ထမင်းချက်ခန်းနဲ့ ရေချိုခန်းပဲ။ ဘဘတို့က အပေါ်ဆုံးထပ် အခန်း ၂၂ မှာ နေရတယ်။ ၁၄ ယောက်ဟောခန်းကြီးမှာ နေရ တာ။ တစ်ယောက်ကို ခုတင်တစ်လုံး၊ ဗီရိုစားပွဲ တစ်လုံး၊ ကုလားထိုင်တစ်လုံးရတယ်။ ဗီရိုစားပွဲ (လော်ကာ) လို့ပြောတာက အပေါ်ထပ် စားပွဲစောင်း က ဖြန့်ခင်းရင်စားပွဲစောင်း၊ စာအုပ်လည်းထားလို့ ရတယ်။ ပြန်ပြီးပိတ်ထားလို့လည်း ရတယ်။ အောက်ဘက်ကတော့ ဗီရို၊ အဝတ်အစားထည့်လို့ရတယ်။ သော့ခတ်လို့ရတယ်။ ကိုယ်ပါလာတဲ့ စာအုပ်သေတ္တာ၊ အဝတ်သေတ္တာ၊ ခုတင်အောက်ထိုး ထားလို့ရတယ်။

 

တက္ကသိုလ်တက်မှာမို့ အိမ်က စောင်၊ ခြင်ထောင်၊ ခေါင်းအုံးနဲ့ အိပ်ရာလိပ်တစ်လိပ်၊ အဝတ်အစားသေတ္တာတစ်လုံး၊ စာအုပ်နဲ့ တိုလီ မုတ်စထည့်ဖို့ ထင်းရှူးသေတ္တာလေးက တစ်လုံး။ ဘိုးဘိုးက ဘဘကို အဝတ်အစားသေတ္တာအသစ် ကလေးဝယ်ပေးတယ်။ တက္ကသိုလ်ကျောင်းသားဖြစ်လို့ အိမ်ကကိုယ်ပိုင်သေတ္တာ ဝယ်ပေးလိုက်တာ။ အဆောင်ရောက်တော့လည်း ကိုယ့်အတွက် ခုတင်နဲ့ စားပွဲနဲ့ ကုလားထိုင်နဲ့ဆိုတော့ အတော်လေးတော့ ဘဝင်မြင့်စရာ ကျေနပ်စရာကောင်းလှတယ်။

 

ကိုယ့်ကိုယ်ကိုယ်ထိန်းသိမ်း

 

ထမင်းစားတော့လည်း အချိန်တန်ရင် ထမင်းစားခန်းထဲ ဆင်းပြီးစားရုံပဲ။ လေးယောက် တစ်စားပွဲစားရတယ်။ အိမ်မှာတုန်းက ဘဲဥ၊ ကြက်ဥ တစ်ခြမ်းပဲ စားရပြီး တက္ကသိုလ်ကျောင်းသားဖြစ်တော့ သုံးခြမ်းစားရတယ်။ ထမင်းစားတော့လည်း ဇွန်းနဲ့ ခက်ရင်းနဲ့မို့ ဂုဏ်ယူစရာပဲ။ စားပြီးတော့ လည်းထသွားရုံပဲ။ ပန်းကန်ဆေးစရာမလိုတော့ ဘဝက အတော်လေးပြောင်းသွားသလိုပဲ။ အဲနောက်ပြီး စာကြည့်ချင်ကြည့် မကြည့်ချင်နေ၊ ပြောမဲ့သူမရှိတော့ဘူး။ အိပ်ချင်တဲ့အချိန်အိပ်လို့ရပြီး ထချင်တဲ့ အချိန်မှ ထလို့ရတယ်။ အဲဒီလိုလွတ်လပ်ခွင့်၊ အဲဒီလို ကိုယ့်ကိုယ်ကိုယ်ထိန်းသိမ်းဖို့ အခွင့်အရေးရလာတဲ့အခါ၊ တက္ကသိုလ်ကျောင်းသားအတော်များများက ကိုယ့်ကိုယ်ကိုယ်ထိန်းကြတယ်။ ကိုယ့် အချိန်ဇယားကိုယ်ဆွဲပြီး ကိုယ်လုပ်သင့်တာ ကိုယ်လုပ်ကြတယ်။ ကိုယ့်ဘဝတိုးတက်မှု ကိုယ်ဘယ်လို ရှာရမလဲဆိုတာ နားလည်လာကြတယ်။ ဘဘတို့ တက္ကသိုလ်တက်တဲ့အချိန်က ရုပ်မြင်သံကြား မပေါ် သေးဘူး။ ဧည့်ခန်း (Parlours) ထဲမှာ ရေဒီယိုတစ်လုံး ပဲရှိတယ်။ နားထောင်ချင်ရင် ဧည့်ခန်းမှာသွားပြီး နားထောင်ရတယ်။ အသံလိုင်းကတော့ မြန်မာ့ အသံတစ်လိုင်းပါပဲ။ အထူးသဖြင့် အောင်ဆန်းကွင်းမှာကစားတဲ့ တိုင်းနဲ့ ပြည်နယ်ဘောလုံးပွဲကို ဧည့်ခန်းကနေ နားထောင်ကြတာပဲ။

 

အဆောင်မှာနေရတာ တစ်ခုကောင်းတာက အားကစားပစ္စည်းတွေထားပေးတာပဲ။

 

 ဘဘတို့ လသာဆောင်မှာ ပင်ပေါင်ခုံရှိတယ်။ နှစ်တန်းဘားရှိတယ်။ ဝိတ်ပြားတွေရှိတယ်။ ဘော်လီဘောကွင်းရှိတယ်။ အဲဒီတော့ ဘော်လီဘော ပုတ်တဲ့လူပုတ်၊ စားပွဲတင်တင်းနစ် ကစားသူကစား၊ ဝိတ်မသူမ၊ နှစ်တန်းဘား ကစားသူကစား။ ဘဘတို့ အထက်တန်းက တစ်ယောက်က ခန္ဓာကိုယ်အလှ ကာယဗလ ကစားသမား။ သူ့လက်မောင်းကြီးက မာဆယ်တွေ ကြွက်သားတွေကြည့်ပြီး ဘဘတို့ လည်းလိုက်ပြီး ကစားကြသေးတယ်။ သူ့လို ဗလကြီးဖြစ်မလာပေမယ့် အရင်လိုတော့ ငပိန်ညောင် မဟုတ်တော့ဘူး။

 

အဲ နောက်တစ်ခုက အဆောင်မှာ စာကြည့်တိုက်ရှိတယ်။ အဆောင်ကဆရာက တာဝန်ခံဖြစ်ပေမယ့် နောက်ပိုင်းစိတ်ဝင်စားတဲ့ ကျောင်းသားကို တာဝန်ပေးတယ်။ ဘဘက စာပေဝါသနာပါတော့ နောက်ပိုင်းမှာ တာဝန်ပေးတာခံရတယ်။ ကောင်းပါတယ်။ ကျောင်းစာသာမက အပြင်စာပါဖတ်ရတော့ ဗဟုသုတ တိုးတာပေါ့။

 

အဆောင်မှာ သာယာရေးကော်မတီဆိုတာ ဖွဲ့စည်းထားတာရှိသေးတယ်။ ကျောင်းသားတွေ တစ်ပတ်စာကျွေးမွေးမယ့်် ဟင်းရန်အမယ်တွေ ဆွဲပေးရတယ်။ ကျောင်းပိတ်ခါနီးရင် ညစာစားပွဲတွေ ဘာတွေလုပ်ပေးရတယ်။ ကျောင်းဆောင်သာယာဖွံ့ဖြိုးရေးအလုပ်တွေ လုပ်ရတယ်။ လူမှုရေးဝါသနာ ပါတဲ့လူတွေ အဖွဲ့ဝင်အဖြစ်ပါကြပြီး အဲဒီထဲကမှ အတွင်းရေးမှူးရွေးတော့ ဘဘက အတွင်းရေးမှူး တာဝန်ယူရပြီး အဆောင်မှူးက ဥက္ကဋ္ဌလုပ်တယ်။ ဘာပဲပြောပြော တက္ကသိုလ်ကျောင်းသားဘဝမှာ လူမှုဝန်ထမ်းလုပ်တာ စီမံခန့်ခွဲအုပ်ချုပ်မှုရဲ့ အလေ့အကျင့်ကောင်းတွေပါပဲ။

 

တက္ကသိုလ်ကျောင်းသားဘဝမှာ တစ်ခုကောင်းတာက ကျောင်းစာတင်မကဘူး၊ ကျယ်ကျယ်ပြန့်ပြန့် အများကြီးလေ့လာခွင့်ရတယ်။ တက္ကသိုလ် အနုပညာအသင်းရှိတယ်။ ကိုယ်ဆိုတတ်၊ တီးတတ်ဖို့ မလိုဘူး။ ဝါသနာပါရင် အဆို၊ အတီး၊ အက ကြိုက်တာသင်လို့ရတယ်။ အဲဒါကလည်း တက္ကသိုလ်ကျောင်းသား မဟာအခွင့်အရေးပဲ။ ဘဘတို့ တက္ကသိုလ်ကျောင်းသားဘဝမှာ တက္ကသိုလ် လေ့ကျင့်ရေး အရန်တပ်ရင်းရှိတယ်။ အခြေခံစစ် ပညာသင်တန်းတက်ရတယ်။ တက္ကသိုလ်လေ့ကျင့်‌ ရေးတပ်မှာသွားပြီး လျှောက်ရတယ်။ ကျန်းမာရေး စစ်ဆေးပြီး လိုအပ်ချက်ပြည့်စုံရင် တစ်ပတ်မှာ သုံးရက်၊ ညနေကျောင်းဆင်းချိန်မှာ စစ်သင်တန်း တက်ကြရတယ်။ အရွေးခံရတဲ့ လူတွေကို ယူနီဖောင်းထုတ်ပေးထားပြီး စစ်သင်တန်းတက်ရမယ့်နေ့တွေမှာ ကျောင်းတက်ရင် စစ်ယူနီဖောင်းနဲ့ တက်ကြရတယ်။ အဲဒီစစ်သင်တန်းကလည်း တကယ်ကောင်းတယ်။ စစ်ပညာအခြေခံလေ့လာ သင်ကြားခွင့်ရတဲ့အပြင် ကိုယ်လုံပညာတွေပါ သင်ကြားရတာကြောင့် ယောကျ်ားကောင်းတွေ တတ်သင့်တဲ့ အရည်အချင်းတစ်ရပ်ပါပဲ။

 

 တန်ဖိုး မဖြတ်နိုင်တဲ့ ဘဝအတွေ့အကြုံတွေ

 

အဲ နောက်တစ်ခါ ဘဘတို့တက္ကသိုလ် ကျောင်းသားဘဝမှာ နွေရာသီမှာ စာမတတ်သူပပျောက်ရေး၊ အသုံးလုံးကြေသင်တန်း လုပ်အားပေး ခွင့်ရတယ်။ ဘဘဆိုရင် ပထမနှစ်နွေ ကျောင်းပိတ်ရက်မှာ စစ်ကိုင်းတိုင်း ငါးဇွန်မြို့နယ်၊ သားကျင်ရွာမှာ လုပ်အားပေးဖြစ်တယ်။ ဒုတိယ နှစ်မှာ ကျောက်ပန်းတောင်းမြို့နယ် အိုင်လျားတောင် ကျေးရွာမှာ၊ နောက်တစ်နှစ် ဟဲဟိုးမြို့နယ် မြောက်မြေခြားရွာမှာ။ အဲဒီ အသုံးလုံးလုပ်အားပေးတာတွေက ကိုယ့်ပြည်သူတွေကြားထဲ ရောက်သွားပြီး ပြည်သူတွေရဲ့ လူမှုစီးပွားရေးဘဝကို လေ့လာခွင့်ရတယ်။ ပြည်သူတွေဘဝကို ဘယ်လိုရုန်းကန် လှုပ်ရှားရတယ်ဆိုတာ လက်တွေ့လေ့လာခွင့်ရတာ။ လူးတို့၊ ဆပ်တို့ဆိုတာ ဘဘတို့မြစ်ဝကျွန်းပေါ်မှာ လုံးဝမရှိဘူး။ စာထဲမှာပဲ ဖတ်ဖူးတာ။ အဲဒီအညာမှာ လက်တွေ့စားတောင် စားခဲ့ရတယ်။ ပြီးဟဲဟိုး တောင်ပေါ်မှာ တောင်သူတွေ တောင်ရိုးတွေကို စာသင်ရတော့ တိုင်းရင်းသားတွေရဲ့ ရိုးရာဓလေ့ ထုံးစံတွေကို လေ့လာခွင့်ရတာကြောင့် တန်ဖိုး မဖြတ်နိုင်တဲ့ ဘဝအတွေ့အကြုံတွေ ရခဲ့ရတယ်။ ဒါ့အပြင် တက္ကသိုလ်မှာ ခြေလျင်တောင်တက် အသင်းရှိတယ်။ အဲဒီအသင်းက နွေရာသီကျောင်း ပိတ်ရက်မှာ တောင်တက်လေ့ကျင့်ခန်းတွေ လုပ် တယ်။ တကယ့်ကို ရတောင့်ရခဲ အခွင့်အရေးကောင်း တွေပါပဲ။

 

အဲဒါကြောင့် ငါ့မြေးရေ တက္ကသိုလ်ဆိုတာ ရှေ့ဆက်ပြီး လူ့ဘဝခရီးလမ်းအတွက် ပညာရပ် ပေါင်းစုံလေ့ကျင့်ပြုစု ပျိုးထောင်ပေးတဲ့ အရပ်ဒေသကြီးပဲ။ ဒီနေရာမှာ ဘဘတစ်ခုသွားပြီး သတိရမိတယ်။ တပ်မတော်ဗိုလ်ရွေးအဖွဲ့မှာ စစ်သည်တော်ဟောင်းတစ်ဦးက ဘာပြောထားသလဲဆိုတော့ “ငါ့သားများ စစ်ထဲဝင်ရင် သူ့ကိုပြောလိုက်ပါ။ တပ်မတော်ဆိုတာ တကယ်တမ်းသာ လိုက်နာနိုင်မယ်ဆိုရင် ယောက်ျားကောင်း ယောက်ျားမြတ်တွေ မွေးထုတ်ပေးတဲ့ ကျောင်းကြီးပေါ့” တဲ့။ အခုလည်း ဘဘက ငါ့မြေးကို ပြောချင်တာက တက္ကသိုလ်ဆိုတာ ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် နိုင်ငံခေါင်းဆောင်တွေ မွေးထုတ်ပေးတဲ့ ကျောင်းကြီးပါ။

 

အဲဒီကျောင်းကြီးကို ငါ့မြေး ကနေ့တက်ခွင့်ရပြီ။ ငါ့မြေးလေ့လာဆည်းပူးခွင့်ရပြီ။ ကိုယ့်ဘဝအတွက်၊ ကိုယ့်မိသားစုအတွက်၊ ကိုယ့်တိုင်းပြည်အတွက် လေ့လာဆည်းပူးခွင့်၊ တက်ရောက်ခွင့်ရပြီ။ ငါ့မြေး တိုင်းပြည်နဲ့ လူမျိုးအတွက် လူရည်ချွန်၊ လူရည်မွန် ဖြစ်အောင် ကြိုးစားအားထုတ်ပါလို့ ဘဘမှာကြားချင်ပါတယ်။

 

ငါ့မြေးရဲ့ ရည်မှန်းချက်များ ပေါက်မြောက် အောင်မြင်ပါစေ။

 

(မှတ်ချက်။ ကျွန်တော်၏မြေး မောင်ရွှေသွေးမှာ အသက်လေးနှစ်သာရှိပါသေးသည်။ သို့သော် ယနေ့ တက္ကသိုလ်သို့ တက်ရောက်လျက်ရှိကြသည့် ကျွန်တော့်မြေးအရွယ် မောင်ရွှေသွေးအားလုံး အတွက် ရည်ညွှန်းပါသည်။)