၁၉ ဖေဖော်ဝါရီ

 

မြန်မာနိုင်ငံအတွင်း နေထိုင်ကြသူ နိုင်ငံသူ နိုင်ငံသားများ၏ လူ့အခွင့်အရေး မြှင့်တင်ကာကွယ်ပေးရန်အလို့ငှာ ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့တွင် ပြည်ထောင်စု အစိုးရအမိန့်ကြော်ငြာစာအမှတ် (၃၄/၂၀၁၁)ဖြင့် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို ပထမဆုံး ဖွဲ့စည်းပေးခဲ့ပါသည်။ ၂၀၁၄ ခုနှစ် မတ်လ ၂၈ ရက်နေ့တွင် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥပဒေကိုပြဋ္ဌာန်းနိုင်ခဲ့ပြီး ဥပဒေနှင့်အညီ ကော်မရှင် ဖွဲ့စည်းခြင်းကို ၂၀၁၄ ခုနှစ် စက်တင်ဘာလ ၂၄ ရက်နေ့တွင် နိုင်ငံတော်သမ္မတရုံး၏ အမိန့်အမှတ် (၂၃/၂၀၁၄) ဖြင့် ဖွဲ့စည်းခဲ့ပြီး ကော်မရှင်ဥပဒေပုဒ်မ ၁၃ အရ ကော်မရှင်အဖွဲ့ဝင်၏ ရာထူးသက်တမ်းသည် ငါးနှစ် ဖြစ်သည့်အတွက် ၂၀၁၄ ခုနှစ် စက်တင်ဘာလတွင် ဖွဲ့စည်းခဲ့သည့်ကော်မရှင်သည် ၂၀၁၉ ခုနှစ် စက်တင်ဘာလကပင် သက်တမ်းငါးနှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါသည်။ သည့်အတွက်ကြောင့်လည်း ၂ဝ၂ဝ ပြည့်နှစ် ဇန်နဝါရီလ ၁၄ ရက်နေ့တွင် နိုင်ငံတော်သမ္မတရုံး၏ အမိန့်အမှတ် (၃/၂၀၂၀)ဖြင့် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို ကော်မရှင်အဖွဲ့ဝင် ၁၁ ဦးဖြင့် ပြန်လည် ဖွဲ့စည်းခဲ့ပြီးဖြစ်ပါသည်။

 

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၁၄ ရက်နေ့တွင် ပြန်လည်ဖွဲ့စည်းခဲ့သည့် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့် အရေးကော်မရှင်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌအပါအဝင် ကော်မရှင်အဖွဲ့ဝင်စုစုပေါင်း ၁၁ ဦးကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၂၄ ရက်နေ့က နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် က တွေ့ဆုံလမ်းညွှန်မှုပြုခဲ့ရာတွင် လူ့အခွင့်အရေးနှင့် ပတ်သက်၍ ၁၉၄၇ ခုနှစ်နှင့် ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေတို့တွင် ပါရှိခဲ့ပြီးဖြစ်သော်လည်း ကျင့်သုံးမှုအားနည်း၍ နိုင်ငံသားများရရှိခံစားမှုလည်း နည်းပါးပါကြောင်း၊ ထို့အတူ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင်လည်း နိုင်ငံသားများ၏ မူလအခွင့်အရေးများ ဆိုပြီး ( ပါရှိပါကြောင်း၊ ယခုကော်မရှင်အနေဖြင့် လူ့အခွင့်အရေး နှင့်ပတ်သက်ပြီး နိုင်ငံသူနိုင်ငံသားများ ကျယ်ကျယ်ပြန့်ပြန့် သိရှိအောင်၊ ဗဟုသုတကြွယ်ဝအောင်၊ လူ့အခွင့်အရေးများ ကာကွယ်စောင့်ရှောက်နိုင်အောင် ဆောင်ရွက်ပေးရမည် ဖြစ်ပါကြောင်း၊ ထို့ပြင် ရဲစခန်း၊ ရဲအချုပ်စခန်း၊ ရဲဘက် စခန်းနှင့် အကျဉ်းစခန်း၊ အကျဉ်းထောင်များ၊ ထိန်းသိမ်းစောင့်ရှောက်ရေးစခန်းများကိုလည်း စနစ်တကျကြည့်ရှုစစ်ဆေးသွားရန် လိုအပ်ပါကြောင်း လမ်းညွှန်မှာကြားသွားခဲ့သည်ကို သိရှိလိုက်ရပါသည်။ နိုင်ငံတော်သမ္မတကြီး၏ လမ်းညွှန်မှုအပေါ် လွန်စွာမှပင် ပီတိဖြစ်ဝမ်းသာ ကျေနပ်ရပါသည်။

 

ကမ္ဘာပေါ်ရှိ လူ့အခွင့်အရေးအဖွဲ့ အစည်းတိုင်း၏ အဓိကတာဝန်မှာ လူ့အခွင့်အရေးမြှင့်တင်ခြင်း (Human Rights Promotion) နှင့် လူ့အခွင့်အရေးကာကွယ်ခြင်း (Human Rights Protection)တို့ ဖြစ်ပါသည်။ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်သည် ကော်မရှင်ဥပဒေကို အကိုးအကားပြုပြီး နိုင်ငံသားများ၏အခွင့်အရေး ကာကွယ်ရေးနှင့် မြှင့်တင်ရေးလုပ်ငန်း တာဝန်များကို ကြိုးစားဆောင်ရွက်လျက်ရှိပါသည်။ လူ့အခွင့်အရေးနှင့်ပတ်သက်ပြီး နိုင်ငံသူ နိုင်ငံသားများ ကျယ်ကျယ်ပြန့်ပြန့် သိရှိအောင် ဗဟုသုတကြွယ်ဝအောင် ဆောင်ရွက်ခြင်းသည် လူ့အခွင့်အရေးမြှင့်တင်ခြင်းဖြစ်ပြီး ရဲစခန်း၊ ရဲအချုပ်စခန်း၊ ရဲဘက်စခန်းနှင့် အကျဉ်းစခန်း၊ အကျဉ်းထောင်များ၊ ထိန်းသိမ်းစောင့်ရှောက်ရေးစခန်းများကို ကြည့်ရှုစစ်ဆေးခြင်းနှင့် လူ့အခွင့်အရေးချိုးဖောက်ခံရသည့် တိုင်တန်းစာများကို ကိုင်တွယ်ဖြေရှင်းခြင်းသည် လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်ခြင်းဖြစ်ပါသည်။

 

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်သည် နိုင်ငံတော်က ဥပဒေအရဖွဲ့စည်းပေးသည့် နိုင်ငံတော်အဖွဲ့ အစည်း (State Institution) ဖြစ်ပါသည်။ ကော်မရှင်သည် ကော်မရှင်ဥပဒေပုဒ်မ ၂၄ အရ မိမိ၏လုပ်ငန်းကို လွတ်လပ်စွာဆောင်ရွက်ခွင့်ရှိပြီး ကော်မရှင်လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် နိုင်ငံတော်က လုံလောက်သည့် ဘဏ္ဍာငွေထောက်ပံ့မှုပေးလျက်ရှိကာ ငွေကြေးစီမံမှုနှင့် အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စများကိုလည်း လွတ်လပ်စွာ ဆောင်ရွက်ခွင့်ရှိပါသည်။ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ရုံးကို ညွှန်ကြားရေးမှူးချုပ် တစ်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် တစ်ဦးတို့ အပါအဝင် စုစုပေါင်းဝန်ထမ်းဦးရေ ၁၀၀ ဖြင့် လုပ်ငန်းများဆောင်ရွက်နေပြီး ဌာနကြီး ငါးခု ဖွဲ့စည်းထားရှိကာ လူ့အခွင့်အရေးမြှင့်တင် ကာကွယ်ခြင်းလုပ်ငန်းများ အဓိကထား ဆောင်ရွက်လျက်ရှိပါသည်။

 

လူ့အခွင့်အရေးမြှင့်တင်ရေးနှင့် ပညာပေးရေးဌာန

 

နိုင်ငံသူ နိုင်ငံသားများအကြား လူ့အခွင့်အရေးနှင့် စပ်လျဉ်းပြီး ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးနှင့် လူ့အခွင့် အရေးနှင့်စပ်လျဉ်းပြီး ဗဟုသုတများရရှိနိုင်ရေးအတွက် လူ့အခွင့်အရေးမြှင့်တင်ရေးနှင့် ပညာပေးရေးဌာနသည် လူ့အခွင့်အရေး အသိပညာပြန့်ပွားရေးကို ကြိုးပမ်းဆောင်ရွက်နေသည့် ဌာနကြီးတစ်ခု ဖြစ်ပါသည်။ လူတိုင်း ၎င်းတို့အခွင့်အရေးများ သိရှိလာမှသာ လူ့အခွင့်အရေးအပေါ် လေးစားတတ်လာခြင်းနှင့် လူ့အခွင့်အရေးများ ချိုးဖောက်ခံရပါကလည်း တိုင်ကြားတတ်စေရေးတို့ ဆောင်ရွက်လာနိုင်မည် ဖြစ်ပါသည်။ တစ်ပါးသူ၏ အခွင့်အရေးများကို မချိုးဖောက်၊ မထိပါးစေရေး သတိပြု ရှောင်ကြဉ်လာနိုင်မည်လည်း ဖြစ်ပါသည်။

 

ဌာနအနေဖြင့် လူ့အခွင့်အရေးအသိပညာ ပြန့်ပွားစေရေးအတွက် ဟောပြောပွဲများ ပြုလုပ်ဟောပြောခြင်း၊ အလုပ်ရုံဆွေးနွေးပွဲများ၊ သင်တန်းများ ဖွင့်လှစ်ဆောင်ရွက်ခြင်းများ ပြုလုပ်သလို နိုင်ငံ့တာဝန်ထမ်းဆောင်နေကြသည့် နိုင်ငံတော်၏ agent များဖြစ်သည့် ဝန်ထမ်းများအတွက်လည်း ဗဟိုဝန်ထမ်းတက္ကသိုလ် အထက်မြန်မာပြည်၊ အောက်မြန်မာပြည်တို့တွင် သင်ခန်းစာများ ပို့ချခြင်း၊ နိုင်ငံတော် ကာကွယ်ရေးတက္ကသိုလ်၊ စစ်ဦးစီးတက္ကသိုလ်နှင့် တပ်မတော် (ကြည်း) တိုက်ခိုက်ရေးကျောင်းများ၊ ရဲသင်တန်းကျောင်းများတွင်လည်း လူ့အခွင့်အရေးသင်ခန်းစာများ ပို့ချခြင်းတို့ ဆောင်ရွက်လျက်ရှိပါသည်။ နိုင်ငံ့တာဝန်ကို ထမ်းဆောင်နေကြသည့် ဝန်ထမ်းများအနေဖြင့် လူ့အခွင့်အရေးနှင့်စပ်လျဉ်းပြီး မှန်ကန်စွာသိရှိနားလည်လာကာ တာဝန်ဝတ္တရား များထမ်းဆောင်ကြသည့်အခါတွင် လူ့အခွင့်အရေးအခြေပြု မှန်ကန်သည့်နည်းလမ်းများအတိုင်း ဆောင်ရွက်နိုင်ကြစေဖို့ ရည်ရွယ်ဆောင်ရွက်ကြပါသည်။ ၎င်းအပြင် လူ့အခွင့်အရေး နှင့်စပ်လျဉ်းပြီး ပုံစံအမျိုးမျိုးဖြင့် ဆောင်ရွက်နေကြသည့် ပြည်တွင်းနှင့် ပြည်ပအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ လူ့အခွင့်အရေး အသိပညာပြန့်ပွားရေးတို့ကို နည်းလမ်းမျိုးစုံဖြင့် ဆောင်ရွက်လျက်ရှိပါသည်။ လူ့အခွင့်အရေး မြှင့်တင်ရေးနှင့်ပညာပေးရေးဌာန၏ ဆောင်ရွက်ချက်များကို ကော်မရှင်ဒုတိယဥက္ကဋ္ဌနှင့် ကော်မရှင်အဖွဲ့ဝင်နှစ်ဦး၏ အနီးကပ်ကြီးကြပ်မှုဖြင့် ကော်မရှင်ဝန်ထမ်းဦးရေ ၁၃ ဦးဖြင့် ဆောင်ရွက်နေခြင်းဖြစ်ပါသည်။ တစ်နိုင်ငံလုံးအတိုင်း အတာဖြင့် လူ့အခွင့်အရေးအသိပညာ ပြန့်ပွားရေးကို ဝန်ထမ်း ဦးရေ ၁၃ ဦးဖြင့် ဆောင်ရွက်နေရခြင်းကြောင့် ဝန်ထမ်းများ ( အထူးသဖြင့် အရည်အချင်းပြည့်မီဝန်ထမ်းများ အထူးတလည်လိုအပ်နေသည်လည်း ဖြစ်ပါသည်။ ၅၂ သန်းခန့်သော ပြည်သူများအတွက် လူ့အခွင့်အရေးအသိပညာပေးခြင်းများကို လွန်စွာနည်းပါးလှသော ဝန်ထမ်းဦးရေဖြင့် ဆောင်ရွက်နေခြင်း ဖြစ်ပါသည်။ လူ့အခွင့်အရေး အသိပညာမြှင့်တင်ခြင်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရန် လူသားအရင်းအမြစ်များ လိုအပ်နေပါသည်။

 

လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်ရေးဌာန

 

လူ့အခွင့်အရေးချိုးဖောက်ခြင်းနှင့် စပ်လျဉ်းသည့် တိုင်စာများအား လက်ခံစိစစ်ကိုင်တွယ်ဖြေရှင်းခြင်း၊ လူ့အခွင့်အရေး ချိုးဖောက်ခံရသည့်ကိစ္စရပ်များကို ကွင်းဆင်း စစ်ဆေးခြင်း၊ ရဲစခန်း၊ ရဲအချုပ်စခန်း၊ ရဲဘက်စခန်းနှင့် အကျဉ်းစခန်း၊ အကျဉ်းထောင်များ၊ ထိန်းသိမ်းစောင့်ရှောက် ရေးစခန်းများကို ကြည့်ရှုစစ်ဆေးခြင်းတို့သည် လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးဌာန၏ အဓိကပင်မ လုပ်ငန်းများဖြစ်ပါသည်။ ကော်မရှင်အဖွဲ့ဝင် သုံးဦး၏ အနီးကပ်ကြီးကြပ်မှုဖြင့် ဝန်ထမ်းဦးရေ ၃၁ ဦးမှ လုပ်ငန်းများ လည်ပတ်ဆောင်ရွက်နေသည်လည်း ဖြစ်ပါသည်။

အောင်မြင်သည့် လူ့အခွင့်အရေးကော်မရှင်အဖြစ် ရပ်တည်နိုင်ရန် လူ့အခွင့်အရေးချိုးဖောက်ခြင်းနှင့် စပ်လျဉ်းသည့် တိုင်စာများအပေါ် ကော်မရှင်၏ကိုင်တွယ် ဖြေရှင်းဆောင်ရွက်မှုသည် အရေးကြီးသည့်နေရာတွင် ရှိနေပါသည်။ လူ့အခွင့်အရေးချိုးဖောက်ခံရသည့် ကိစ္စရပ်များကို နိုင်နင်းစွာ ထိန်းချုပ်ဆောင်ရွက်နိုင်ပြီး ပြစ်မှုကျူးလွန်သူများကို ပြစ်ဒဏ်များ ချမှတ်ဖြေရှင်းပေးနိုင်မှသာ ပြည်သူအများ၏ ယုံကြည်မှုရရှိလာမည်ဖြစ်ပြီး လူ့အခွင့်အရေးချိုးဖောက်မှု အမှုကိစ္စရပ်များ နည်းပါး သွားမည်ဖြစ်ပါသည်။ ပြည်သူအများ လူ့အခွင့်အရေးကော်မရှင်အပေါ် ယုံကြည်ကိုးစားမှုရှိမှသာလျှင် အောင်မြင်သည့် လူ့အခွင့်အရေးကော်မရှင်အဖြစ် ရပ်တည်နိုင်မည်လည်း ဖြစ်ပါသည်။ ပြည်သူများသည် လူ့အခွင့်အရေးနှင့် စပ်လျဉ်းသည့် ဗဟုသုတများကို သိရှိနားလည်ထားရန် လိုအပ်သလို ဌာနဆိုင်ရာအသီးသီး၏ ပူးပေါင်းဆောင်ရွက်မှုသည်လည်း ပဓာနကျသည့်နေရာတွင် ရှိနေပါသည်။ ဌာနဆိုင်ရာအသီးသီး၏ ပူးပေါင်းဆောင်ရွက်မှုအားကောင်းမှသာ လူ့အခွင့်အရေး ချိုးဖောက်မှုကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းမှုသည်လည်း အားကောင်းလာမည် ဖြစ်ပါသည်။

 

နိုင်ငံတကာဆက်ဆံရေးဌာန

 

ကမ္ဘာ့နိုင်ငံအားလုံး၏ လူ့အခွင့်အရေးအခြေအနေကို ပုံမှန်သုံးသပ်သည့် အစီရင်ခံစာ Universal Periodic Review, UPR လုပ်ငန်းစဉ် အပါအဝင် လူ့အခွင့်အရေးနှင့် စပ်လျဉ်းသည့် ဒေသဆိုင်ရာအဖွဲ့ အစည်းများ၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ မြန်မာနိုင်ငံမ ပါဝင်လက်မှတ်ရေးထိုးထားသည့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးစာချုပ်များ၏ ပုံမှန်အစီရင်ခံစာနှင့်စပ်လျဉ်းပြီး ဆောင်ရွက်ခြင်း၊ ပြည်ပအဖွဲ့အစည်းများမှ ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား ဖိတ်ကြားသော လူ့အခွင့်အရေးနှင့်စပ်လျဉ်းသော အစည်းအဝေးများ၊ ဆွေးနွေးပွဲများ၊ အလုပ်ရုံဆွေးနွေးပွဲများ တက်ရောက်ခြင်းကိစ္စရပ်များ ဆောင်ရွက်ခြင်းနှင့် နိုင်ငံခြားသံရုံးများ၊ ကုလသမဂ္ဂအဖွဲ့ အစည်းများ၊ NGOs၊ INGOs များမှလူ့အခွင့် ( အရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍ ကော်မရှင်သို့ လာရောက်တွေ့ဆုံဆွေးနွေးမှု ကိစ္စရပ်များ ဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်သည့်ဌာန ဖြစ်ပါသည်။ ကော်မရှင်အဖွဲ့ဝင်နှစ်ဦး၏ အနီးကပ်ကြီးကြပ်မှုဖြင့် ဝန်ထမ်းဦးရေ ခုနစ်ဦးဖြင့် လုပ်ငန်းများဆောင်ရွက်နေခြင်း ဖြစ်ပါသည်။

 

ဥပဒေရေးရာဌာန

 

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးစာချုပ်များနှင့် စပ်လျဉ်း၍ ဥပဒေရေးရာအကြံပြုခြင်း၊ မြန်မာနိုင်ငံအတွင်းရှိ တည်ဆဲဥပဒေများ၊ ဥပဒေကြမ်းများနှင့်စပ်လျဉ်း၍ အကြံပြုခြင်း၊ ဥပဒေများအား ဘာသာပြန်ဆိုခြင်း၊ ဥပဒေနှင့်စပ်လျဉ်းသော လွှတ်တော်မေးခွန်းများ ဖြေကြားခြင်းနှင့် ( ဥပဒေနှင့်စပ်လျဉ်းသည့် အစည်းအဝေးများ၊ အလုပ်ရုံဆွေးနွေးပွဲများ တက်ရောက်ခြင်းတို့သည် ဥပဒေဌာန၏ အဓိကပင်မလုပ်ငန်းများ ဖြစ်ပါသည်။ ကော်မရှင်အဖွဲ့ဝင်နှစ်ဦး၏ အနီးကပ်ကြီးကြပ်မှုဖြင့် ဝန်ထမ်းဦးရေ ခုနစ်ဦးမှ လုပ်ငန်းများဆောင်ရွက်နေသည်လည်း ဖြစ်ပါသည်။ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပြည်တွင်းရှိ တည်ဆဲဥပဒေများနှင့် ထွက်ရှိလာတော့မည့် ဥပဒေကြမ်းများနှင့် စပ်လျဉ်းပြီး ဥပဒေရေးရာအကြံပြုချက်များနှင့် မြန်မာနိုင်ငံမှ အတည်ပြုပါဝင် လက်မှတ်မရေးထိုးရသေးသည့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးစာချုပ်များအပေါ် ဥပဒေဆိုင်ရာ အကြံပြုချက်လုပ်ငန်းများကို ဝန်ထမ်းဦးရေ ခုနစ်ဦးဖြင့် ဆောင်ရွက်နေကြခြင်းဖြစ်ပါသည်။ ဥပဒေ အကြောင်း သိရှိနားလည်ထားသည့် ဥပဒေဘွဲ့ရ ဝန်ထမ်းများ ပိုမိုခန့်အပ်နိုင်ပါက လုပ်ငန်းများ ဝန်နှင့်အားမျှ၍ လျင်မြန်သွက်လက် အောင်မြင်နိုင်မည်လည်း ဖြစ်ပါသည်။

 

စီမံနှင့် ဘဏ္ဍာရေးရာဌာန

 

ကော်မရှင်၏လုပ်ငန်းများ ကောင်းမွန်ချောမွေ့စွာ လည်ပတ်နိုင်ရေး အဓိကပင်မ အထောက်အကူပေးသည့်ဌာနသည် စီမံနှင့် ဘဏ္ဍာရေးရာဌာန ဖြစ်ပါသည်။ ကော်မရှင်အဖွဲ့ဝင် တစ်ဦး၏ အနီးကပ်ကြီးကြပ်မှုဖြင့် ဝန်ထမ်းဦးရေ ၄၀ ဖြင့် လုပ်ငန်းများ ဆောင်ရွက်နေပါသည်။ ကော်မရှင်ရုံးခွဲများကို နေပြည်တော်၊ မန္တလေးနှင့် စစ်တွေမြို့များတွင် ဖွင့်လှစ်ထားရှိ ဆောင်ရွက်နေသည်လည်း ဖြစ်ပါသည်။

 

စိန်ခေါ်မှုများ

 

ကော်မရှင်တွင် အဓိကဌာနကြီး ငါးခုဖြင့် လုပ်ငန်းများ အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ တွင် ကြုံတွေ့နေရသည့် အဓိကစိန်ခေါ်မှုမှာ ဝန်ထမ်းဦးရေနည်းပါးမှုနှင့် ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ဝန်ထမ်း နည်းပါးမှုဖြစ်ပါသည်။ ဝန်ထမ်းများခန့်အပ်ရေးအတွက် သတင်းစာများမှ ခေါ်ယူခဲ့ပါသော်လည်း နိုင်ငံ့ဝန်ထမ်းများ မဟုတ်ဘဲ ပြည်သူ့ဝန်ထမ်းများ ဖြစ်နေသည့်အတွက် လျှောက်ထားသူဦးရေနည်းပါးခြင်း၊ ပြည်သူအများစုသည် ပြည်သူ့ဝန်ထမ်း၏ အဓိပ္ပာယ်ကို နားလည်သိရှိမှု နည်းပါးကြပြီး နိုင်ငံ့ဝန်ထမ်းမဟုတ်ဟု ဆိုလိုက်ပါက တာဝန်ထမ်းဆောင်လိုသူများ နည်းပါးသွားခြင်း၊ သို့သော် လစာမှာမူ နိုင်ငံ့ဝန်ထမ်းများနည်းတူသာ ရရှိသည့် အတွက်ကော်မရှင်တွင် ရေရှည်တာဝန်ထမ်းဆောင်လိုသူ ဝန်ထမ်းများနည်းပါးပြီး နှစ်စဉ်ဝန်ထမ်းပြုန်းတီးမှုများ ဖြစ်နေခြင်း၊ အရည်အချင်းပြည့်မီရေး သင်တန်းများဖြင့် ဆောင်ရွက်ပေးပါသော်လည်း ကော်မရှင်တွင် ရေရှည် တာဝန်ထမ်းဆောင်လိုသူ နည်းပါးခြင်း၊ နေထိုင်စရာ အခက်အခဲနှင့် လစာနည်းပါး၍ မလုံလောက်ဟုဆိုကြခြင်း၊ သည့်အတွက် လစာကောင်းမွန်သည့် နေရာများသို့ ပြောင်းရွှေ့ လုပ်ကိုင်ကြခြင်း၊ လွတ်လပ်သည့်အဖွဲ့အစည်းအဖြစ် ရပ်တည်နေသည်ဖြစ်သည့်အလျောက် ညွှန်ကြား ရေးမှူးရာထူးမှသည် အငယ်တန်းစာရေးရာထူးအထိ ဝန်ထမ်းခန့်အပ်ခြင်းများကို ကော်မရှင်မှ လွတ်လပ်စွာဆောင်ရွက်ပါသော်လည်း လျှောက်ထားသူများသည် ရာထူးနှင့်လျော်ညီသည့် လူ့အခွင့်အရေးနှင့်စပ်လျဉ်းသည့် ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူနည်းပါးခြင်းတို့ကြောင့် ခန့်အပ်ရာတွင် အခက်အခဲစိန်ခေါ်မှုများရှိနေခြင်း၊ တို့သည် ကော်မရှင်တွင် ဝန်ထမ်းဦးရေနည်းပါးရခြင်း၏ အကြောင်းရင်းများဟု ဆိုနိုင်ပါသည်။

 

မြန်မာနိုင်ငံ၏ တစ်ခုတည်းသော လူ့အခွင့်အရေးကော်မရှင်၊ နိုင်ငံသူ နိုင်ငံသားများ၏ လူ့အခွင့်အရေးနှင့် စပ်လျဉ်းပြီး အားကိုးအားထားပြုရာ တစ်ခုတည်းသော လူ့အခွင့်အရေးကော်မရှင်၏ လုပ်ငန်းများ အောင်မြင်အောင်နှင့် မြန်မြန်ဆန်ဆန် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ဖို့ရာ ဝန်ထမ်းများ၏ ကဏ္ဍသည်လည်း အရေးကြီးသည့်နေရာတွင် တည်ရှိနေသည်ဖြစ်သည့်အလျောက် ပြည်သူအများ လူ့အခွင့်အရေးအပေါ် စိတ်ဝင်စားမှုရှိလာကြပြီး လူ့အခွင့်အရေးကော်မရှင်တွင် တာဝန်ထမ်းဆောင်လိုသူ ပြည်သူအများ ပေါ်ထွက်လာ နိုင်ပါစေကြောင်းနှင့် ခန့်ထားပြီး ဝန်ထမ်းများသည်လည်း ပျော်ရွှင်စွာဖြင့် ကော်မရှင်တွင်ရေရှည်တာဝန်ထမ်းဆောင် နိုင်ကြပါစေကြောင်း ဆုမွန်တောင်းလျက် ဤဆောင်းပါးအား ကော်မရှင်အပေါ် ချစ်စိတ်၊ ဝန်ထမ်းများအပေါ် စာနာနားလည်ချစ်စိတ်ဖြင့် အပြုသဘောဆောင်ရေးသား လိုက်ရပါသည်။ ။

 

ဒေါက်တာခိုင်ခိုင်ဝင်း