၁၉ မေ
မွန်တိုင်းရင်းသားတို့၏ မြို့တော် မော်လမြိုင်သို့ ကျွန်တော် ယခင်နှစ်များက မကြာမကြာရောက် ဖြစ်ပါသည်။ ယခုမရောက်တာအတော်ကြာပြီ ဖြစ်သည့်အတွက် နောက်ထပ်တစ်ကြိမ် ရောက်ချင်နေမိသည်။ တစ်စုံတစ်ယောက်ကို လွမ်းသလို မွန်ပြည်နယ်ကြီးကို လွမ်းစိတ် တမ်းတစိတ်ပေါ်မိသည်။ ထို့အတွက် မြို့တော် မော်လမြိုင်သို့ ခရီးရောက်ဖြစ်သည့်အကြောင်းကို ပြန်လည်တူးဆွကာ အမှတ်တရစာစီ ရေးသားဖြစ်ပါတော့သည်။

မော်လမြိုင်အမည်ဖြစ်လာရခြင်း
မော်လမြိုင်ဟုအမည်ဖြစ်လာရသည်က စိတ်ဝင်စားဖွယ်ကောင်းသည်။ မြန်မာ့စွယ်စုံ ကျမ်း၏အဆိုအရ လွန်လေသည့် အနှစ် ၂၄၀ဝ ကျော်တွင် ရာမညရာဇာမင်းဟုအမည် ရသောမွန်ဘုရင်တစ်ပါးသည် သံလွင်မြစ်၊ ဂျိုင်းမြစ်၊ အတ္ထရံမြစ်နှင့် သောင်ရင်းမြစ်တို့၏ မြစ်လေးမွှာဆုံရာ ယခုမော်လမြိုင်မြို့နေရာတွင် မြို့တည်ပြီး စိုးစံအုပ်ချုပ်မင်းလုပ်ခဲ့သည်။ မြို့အမည်ကို ရမ္မာပူရအမည်ပေးထားသည်။ ထိုဘုရင်နတ်ရွာစံလေသော် သားတော် အိမ်ရှေ့စံက ဆက်လက်အုပ်ချုပ်စိုးစံသည်။ ယင်းအိမ်ရှေ့စံတွင် ထူးခြားမှုတစ်ခုရှိသည်။ မျက်မှောင်နှစ်ခုကြားတွင် အလွန်လှပတင့်တယ်သော မှဲ့ရှင်တော်တစ်လုံးတည်ရှိ လေသည်။ ပါးစပ်ရာဇဝင်အရ မွေးရာပါ မျက်စိတစ်လုံး အပိုပါလာသည်ဟုပင်ဆိုကြသည်။ ယင်းမှဲ့ရှင်တော်၏ အစွမ်းကြောင့် မိမိကို ရန်ပြုမည့် ရန်သူတိုင်းပြည်များကိုပင် လှမ်းမြင်ရလောက်အောင် အစွမ်းကြီးလေသည်။ မျက်စိသုံးလုံးကဲ့သို့ဖြစ်နေသော အိမ်ရှေ့ မင်းကို မွန်ဘာသာဖြင့် မွတ်ပိရာဇဟု ခေါ်ကြသည်။ မြန်မာလိုမျက်စိသုံးလုံးနှင့်မင်း ဟု အမည်ရသည်။ နောင်အခါတွင် အကြောင်း မညီညွတ်သောကြောင့် ထိုမျက်လုံး ကွယ်ပျောက်ခဲ့ရသည်။ အချို့ကလည်း ရန်သူ ယိုးဒယားမင်းက အညံ့ခံကာ သမီးတော်ကို ဆက်သပြီး အကောက်ဉာဏ်ဖြင့် ဖျက်ဆီးခဲ့ သောကြောင့် မှဲ့ရှင်တော် ကွယ်ပျောက်ခဲ့ရသည်ဟု ဆိုကြသည်။ ထိုအဖြစ်အပျက်ကိုအစွဲပြုပြီး နောက်ပိုင်းတွင် မွတ်ပိရာဇမင်းအား မွတ်မယ် လိန်းဟု ပြောင်းခေါ်ကြသည်။ မြန်မာလို မျက်စီကွယ်သောမင်းဟု အဓိပ္ပာယ်ရသည်။ မြို့သည်လည်း မွတ်မယ်လိန်းမြို့ဖြစ်လာခဲ့သည်။ မွန်တိုင်းရင်းသားများအတွက် မွတ်မယ်လိန်းဟု ခေါ်ရသည်မှာ အဆင်ပြေသော်လည်း ဗမာများနှင့် အခြားတိုင်းရင်းသားများမှာ လျှာခလုတ်တိုက်သည့်အတွက် မော်လမိန် ဟု အသံထွက်ကြသည်။ ကာလရွေ့လျားသည်တွင် မော်လမိန်မြို့မှ မော်လမြိုင်ဟူ၍ ဖြစ်လာခဲ့သည်။
အင်္ဂလိပ်လက်အောက်က မော်လမြိုင်
မြန်မာနှင့် အင်္ဂလိပ်တို့တိုက်ပွဲတွင် မြန်မာဘက်မှ အရှုံးကြောင့် ရန္တပိုစာချုပ်အရ ပေးလိုက်ရသော နယ်မြေများတွင် မော်လမြိုင်လည်း ပါဝင်ခဲ့သည်။ အင်္ဂလိပ်လက်အောက်သို့ ရောက်ရှိသည့်အချိန်တွင် မော်လမြိုင်သည် စစ်ဘေးဒဏ်ကြောင့် မြို့အင်္ဂါရပ် မညီညွတ်တော့သည့် ရွာအဆင့်သာရှိတော့သည်။ ထို့ကြောင့် အင်္ဂလိပ်အစိုးရသည် မြူနီစီပယ် အဖွဲ့ကိုဖွဲ့စည်းကာ မော်လမြိုင်ကို မြို့ကွက်ဖော်ဆောင်ခဲ့ရသည်။ အပူပိုင်းဒေသတွင် ရှိသော်လည်း သမမျှတသည်။ အပူအအေး ညီညွတ်သည်။ မြေဆီမြေဩဇာကောင်းမွန်ခြင်း ကြောင့် စိုက်ပျိုးရေးလုပ်ငန်းများအောင်မြင်သည်။ မော်လမြိုင်မှ ဆန်စပါး၊ ရော်ဘာ၊ ဒူးရင်း၊ မင်းကွတ်၊ နာနတ်၊ ကြက်မောက်၊ ကျွဲကောနှင့် သရက်သီးတို့ ဖြစ်ထွန်းသည်။ မော်လမြိုင် ထွက်ဒူးရင်းသည် ဈေးကွက်တွင် ယှဉ်ဘက် မရှိသည့် အမည်ကောင်းကိုရထားသည်။ ရော်ဘာသည်လည်း မြန်မာ့စက်မှုလုပ်ငန်းများ အတွက် အားထားစရာကုန်ကြမ်းအဖြစ် ထင်ရှားသည်။ အင်္ဂလိပ်တို့သည် မော်လမြိုင်ကို ရရှိထားစဉ်က ရော်ဘာထုတ်သည့်လုပ်ငန်းကို ဦးစားပေးလုပ်ကိုင်ခဲ့ရာ အကျိုးအမြတ် များစွာ ဖြစ်ထွန်းခဲ့သည်ဟု သိရသည်။
မော်လမြိုင်မြို့ဆီသို့
ရန်ကုန်မှ မော်လမြိုင်သို့ အောင်မင်္ဂလာ အဝေးပြေးဝင်းမှ ခရီးသည်တင်ယာဉ်ကြီးများ စီးကာ သွားရောက်နိုင်သကဲ့သို့ ဘူတာကြီးမှ ရထားစီး၍လည်း သွားရောက်နိုင်သည်။ မော်လမြိုင်သို့ ရန်ကုန်မှ ရထားစီးသွားမည်ဆိုလျှင် ရထားသည် နံနက် ၆ နာရီ ၂၅ မိနစ်တွင် ထွက်ခွာပြီး ညနေ ၄ နာရီ ၃၅ မိနစ်တွင် မော်လမြိုင်ဘူတာသို့ ရောက်သည်ဟု သိရသည်။ ကားနှင့်သွားရသည်ထက် ကြာမြင့်ခြင်းကြောင့် အချိန်မပေးနိုင်သူ အများစုက ရထားကိုရှောင်ကြသည်။ ကုန် ပစ္စည်းတင်ဆောင်လာသူများ၊ ပြည်ပ ခရီးသွားဧည့်သည်အချို့နှင့် ရထားစီးပြီး ခရီးသွားရသည်ကို နှစ်သက်သူများသာ စီးဖြစ်ကြသည်။ ထို့အပြင် အဝေးပြေးယာဉ်လိုင်း အားလုံးသည် အဆင့်မြင့်ယာဉ်ကြီးများကို အသုံးပြုထားခြင်းနှင့် ရန်ကုန်-မော်လမြိုင် အမြန်လမ်းမကြီး ချောမောပြေပြစ်ခြင်းကြောင့် သက်သောင့်သက်သာရှိလှသည်။

ချစ်သောမော်လမြိုင်
မြို့သို့အဝင်တွင် မွန်တိုင်းရင်းသားတို့၏ အထိမ်းအမှတ် ဟင်္သာရုပ်နှင့် မြို့ပတ်အဝိုင်းကြီးသည် ဝင့်ဝင့်ကြွားကြွားတည်ရှိနေသည်ကို တွေ့ရှိရသည်။ မော်လမြိုင်မြို့သည် မွန်ပြည်နယ်၏ စီးပွားရေးမြို့တော်ဖြစ်ခြင်းကြောင့် ဘဏ်လုပ်ငန်းများ၊ ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းစသော ဝန်ဆောင်မှုလုပ်ငန်းများ၊ ရေလုပ်ငန်း၊ ကုန်စည်ကူးသန်းရောင်းဝယ်ရေး လုပ်ငန်းများဖြင့် စည်စည်ကားကားတည်ရှိနေ သည့် မြို့ဖြစ်သည်။ သံလွင်မြစ်ကမ်းရှိ ဆိပ်ကမ်းမြို့ဖြစ်ခြင်း၊ ပင်လယ်ထွက်ပေါက် အနီးတွင် တည်ရှိနေခြင်းကြောင့် မြန်မာနိုင်ငံ အောက်ပိုင်း၏ ကုန်စည်ကူးသန်းရောင်းဝယ်မှုတွင် အဓိကကျသော ဆိပ်ကမ်းမြို့ကြီးအဖြစ် ပါဝင်လျက်ရှိသည်။ မော်လမြိုင်သည် မြစ်ကြောင်းအလိုက် တည်ထားသည့် မြို့ဖြစ် သည်။ ထို့အတွက် အလျားရှည်ပြီး အနံမှာ တိုသည်။ မြို့အလျားမှာ ရှစ်မိုင်ခန့်ရှိသည်ဟု သိရသည်။ မြို့အထွက်တွင် စက်မှုဇုန် ရှိသည်။ ရော်ဘာစက်ရုံ၊ သံရည်ကျိုလုပ်ငန်း၊ ဓာတ်မြေဩဇာစက်ရုံ၊ ရေလုပ်ငန်းသုံးပစ္စည်း များ ထုတ်လုပ်သည့် လုပ်ငန်းတို့ကို လုပ်ကိုင် ဆောင်ရွက်ကြသည်။ မော်လမြိုင်သည် ဆိုင်ကယ်မြို့တော်ဟု ခေါ်ရလောက်အောင် အသုံးပြုခြင်းမရှိသော်လည်း မြို့တွင်းဆိုင်ကယ် အား အသုံးပြုရသည်မှာ ဆိုင်ကယ်များဖြစ်သည်။ သုံးဘီးယာဉ်များကိုလည်း ပြေးဆွဲပေးလျက်ရှိသည်။ အေးချမ်းဆိတ်ငြိမ်ပြီး လူမှုစီးပွားတိုးတက်ကောင်းမွန်သည့် နေချင်စဖွယ်ကောင်းသော မြို့တော်တစ်ခုဖြစ်သည်။ အခြားမြို့များကဲ့သို့ ဗုဒ္ဓဘာသာဝင်အများစုနေထိုင်ကြခြင်းကြောင့် ဘုရားစေတီအများ အပြားတည်ရှိနေပြီး သွားရောက်ဖူးမြော် နိုင်ပါသည်။ မြို့၏အရှေ့ တောင်တန်း တစ်လျှောက်တွင် ကျိုက်သလ္လံစေတီ၊ ဦးခန္တီစေတီ၊ မဟာမြတ်မုနိဘုရား၊ ဇိနမာန်အောင်စေတီ၊ မြို့အလယ်မှ ကျိုက်သုတ်စေတီတော် တို့ကို သွားရောက်ကာဖူးမြော်နိုင်ပါသည်။ ဗြိတိသျှတို့လက်ထက် လက်ရာဖြစ်သော ခရစ်ယာန်ဘုရားရှိခိုးကျောင်းကြီးများဆီသို့လည်း လေ့လာနိုင်ပါသည်။ ဘုရားကျောင်းကြီးများမှာ အေးချမ်းကျယ်ဝန်းပြီး သန့်ရှင်း သပ်ရပ်လှပါသည်။ ယိုးဒယားဖြစ်ကုန်ပစ္စည်းများကို စိတ်တိုင်းကျဝယ်ယူနိုင်မည့် ကုန်စုံဈေးကြီး မော်လမြိုင်တွင်ရှိသည်။ ယိုးဒယားမှဝင်ရောက်လာသည့် အလှကုန်မျိုးစုံ၊ အထည်အလိပ်များ၊ အိမ်သုံး၊ ရုံးသုံးနှင့် မီးဖိုချောင်သုံးပစ္စည်းများမကျန် စိတ်တိုင်းကျ ဝယ်ယူ၍ရပါသည်။ ညနေခင်းအချိန်တွင် သံလွင်မြစ်ကမ်းနားတစ်လျှောက် လေညင်းခံ ထွက်လမ်းလျှောက်ပြီး ညချမ်းချိန်မှဖွင့်သော အအေးဆိုင်၊ အကင်ဆိုင်၊ ထမင်းနှင့် စားဖွယ်စုံ ဆိုင်များတွင် အေးအေးလူလူ အနားယူအပန်းဖြေ၍ ရပါသေးသည်။ အချိန်ရမည်ဆိုပါက မော်လမြိုင်မြို့အနီး ပင်လယ်ကမ်းခြေသို့လည်း ခရီးဆက်နိုင်ပါသေးသည်။ ကျိုက္ခမီရေလယ် ဘုရားနှင့် စက်စဲကမ်းခြေသည် မြန်မာနိုင်ငံအတွင်းမှ လှပသောပင်လယ်ကမ်းခြေများထဲတွင် တစ်ခုအပါအဝင် ဖြစ်ပေသည်။ မြန်မာနိုင်ငံ၏ လည်ပတ်စရာကောင်းသော နေရာများထဲတွင် မော်လမြိုင်မြို့သည် တစ်ခု အပါအဝင်ဖြစ်သည်။ ပြည်ပမှ ဧည့်သည်များ ကလည်း အင်္ဂလိပ်ခေတ် လက်ကျန်အဆောက် အအုံများရှိနေခြင်း၊ အေးချမ်းသာယာသည့် မြို့ဖြစ်ခြင်းကြောင့် စိတ်ဝင်တစားရှိကြသည်။ ဧည့်သည်များတည်းခိုနားနေရန် အတ္ထရံ၊ မော်လမြိုင် Strand ၊ ငွေမိုးကဲ့သို့သော အဆင့်မြင့်ဟိုတယ်ကြီးများကို ကမ်းနားလမ်း တွင် ဖွင့်လှစ်ပေးထားသည်။
မွန်ပြည်နယ် မော်လမြိုင်မြို့၏ သာယာလှပမှု၊ သဘာဝပတ်ဝန်းကျင်ကောင်းမွန်မှု၊ ရာသီဥတုမျှတမှုတို့ကြောင့် နောက်ထပ် တစ်ကြိမ် ရောက်ရှိနိုင်ရန် မျှော်မှန်းမိပါကြောင်း ချစ်သောမော်လမြိုင်ဟု အမည်တပ်ကာ အမှတ်တရ ရေးသားလိုက်ရပါသည်။
လင်းသူ