တိမ်တွေနေတဲ့အရပ်ဆီ တေးစီးရီး ထွက်ရှိခဲ့ပြီးနောက် ရှစ်နှစ်ကျော်ကြာအောင် တေးစီးရီးသစ် ထွက်ရှိမှုနှင့် ဝေးကွာနေသည့် ချစ်သုဝေအနေဖြင့် တတိယမြောက် အခွေသစ်ဖြစ်သည့် ကတိဟု အမည်ပေးထားသော တေးစီးရီးကို ယခု ဖေဖော်ဝါရီ ၁၄ ရက်တွင် စတင် ဖြန့်ချိသွားတော့မည်ဟု သိရသည်။

သိပ်ချစ်ရတဲ့ ပရိသတ်ကြီးရယ်၊ ပြီးတော့ လက်ရှိဘဝလေးရယ်ကို ချစ်လွန်းလို့ လာမယ့် ဖေဖော်ဝါရီ ၁၄ ချစ်သူများနေ့မှာ ဒီအခွေလေးထွက်ဖို့ လုပ်ရတာပါ၊ ပရိသတ်ကြီးအနေနဲ့လည်း ထရီဇာ့ကိုချစ်ရင် အချိန် လေး ၄၅ မိနစ်လောက်ပေးပြီး နားထောင်ပေးပါလို့၊ ဒီအခွေလေးစပြီး တည်ခဲ့တာ လွန်ခဲ့တဲ့ ငါးနှစ်ကျော်၊ ခြောက်နှစ်ကတည်းကပါ၊ အဲဒီအချိန်မှာ ကိုယ်ဝန်ရှိလာတော့ ဒီအခွေကို ဖြည်းဖြည်းချင်းပဲ ဖန်တီးနိုင်တော့တယ်၊ ဒီ ကတိ စီးရီးလေးက အမှတ်တရတွေအများကြီး ပြည့်နေတဲ့၊ ဘဝရဲ့ အချိုးအကွေ့တွေကြားက မဖြစ်ဖြစ်အောင် လုပ်ခဲ့ရတဲ့ စီးရီးလေးပါ၊ ဒီအခွေကို လုပ်နေခဲ့တဲ့အတွက် သမီးလေးတွေကို သေချာဂရုမစိုက်နိုင်အောင် ဖြစ်ခဲ့တာတွေလည်း ရှိပါတယ်” ဟု ကတိစီးရီး အတွက် လုပ်ကိုင်ခဲ့ရပုံများကို ချစ်သုဝေက ပြောပြသည်။

မိသားစုဘဝနှင့် အနုပညာအလုပ်အကြား အခက် အခဲများ ဖြစ်ခဲ့ရပုံကိုလည်း “ဘဝမှာ ဝါသနာပါတဲ့ အလုပ်ကို တစိုက်မတ်မတ်လုပ်ခဲ့တယ်၊ မိသားစုဘဝလေးကို တည်ထောင်တဲ့အချိန်မှာ ကိုယ့်ဝါသနာကို ဦးစားမပေးနိုင်ခဲ့ဘူး၊ ပြီးတော့ ဒီအလုပ်နဲ့ ဝေးကွာသွားခဲ့တာလည်း ရှစ်နှစ်ကျော်လောက် ရှိနေပြီ၊ ဒါကြောင့်မို့ ကိုယ်လုပ်ချင်တာလေးကို ပြန်လုပ်ခွင့်ရတုန်းလေး လုပ်ရတာပါ၊ ကိုယ့်မှာက သမီးလေးတွေအတွက်လည်း အချိန်ပေးရတယ်လေ၊ သမီးလေးတွေကို မျက်စိရှေ့ကနေ အပျောက်ခံချင်တာ မဟုတ်ဘူး၊ အဲဒီတော့ ကိုယ့်ဝါသနာကို ဦးစားမပေးနိုင်ခဲ့ဘူး” ဟု ချစ်သုဝေက ဆက်ပြောပြသည်။

ကတိ တေးစီးရီးတွင် သီချင်း ၁၀ ပုဒ် ပါဝင်ပြီး သီချင်းများကို တေးရေးအဖြစ် လင်းလင်း၊ စံပီး၊ ဇဝါနှင့် နေဝါတို့က ရေးသားပေးထားကာ သီချင်းများမှာ ယခင်ချစ်သုဝေ၏ ဆိုနေကျပုံစံများအတိုင်း ဖြစ်ကြောင်းနှင့် ချစ်သုဝေအနေဖြင့် မိသားစုနှင့် အနုပညာ မောင်နှမများ၊ ပရိသတ်များ၏ အားပေးမှုအရ နောက်ပိုင်းတွင် အနုပညာအလုပ်များကို ဆက်လက်လုပ်ကိုင် သွားမည်ဖြစ်ကြောင်း သိရသည်။

ကိုလင်း