မန္တလေး ၁၇ မေ

မေး-လတ်တလော အနုပညာလှုပ်ရှားမှုကို ပြောပြပေးပါ။
ဖြေ- အခု ဒါရိုက်တာ ဇော်မျိုး (ခရေပုံရိပ်)နဲ့ လမ်းပေါ်က နန်းတော်ဆိုတဲ့ ဇာတ်ကားရိုက်နေပါတယ်။ အဲဒီထဲမှာ ဇာက မင်းသမီးရဲ့အမေပေါ့။ ပက်ထရစ်ရှာ ရဲ့မွေးစား အမေပေါ့။ အဲဒီကားလည်း ဒရာမာပါပဲ။

မေး- ဥပါဒါန် ဇာတ်ကားမှာ ပါဝင်ရိုက်ကူးဖြစ်ပုံကို ပြောပြပေးပါ။
ဖြေ- ဘာသာ သာသနာနဲ့ဆိုင်တဲ့ ဇာတ်ကားတစ်ကားမှာ ဝင်ပြီးတော့ ဇာတို့တွေ အကုန်လုံး သာသနာပြုဖို့ အတွက်ပါ။ အဲဒီ စေတနာတစ်ခုရဲ့ အကျိုးပေးထင်ပါတယ်။ ဇာတ်ကားလေးထွက်လာတဲ့အခါကြတော့ ဘယ်သူနဲ့မှ မတူဘဲ တစ်မူထူးပြီးတော့ အကျိုးပြုကားလေး ဖြစ်နေတာပေါ့။

မေး- ဒီဇာတ်ကားမှာ မဇာလေးက သားကို အရမ်းချစ်တဲ့ အမေနေရာက သရုပ်ဆောင်ထားတာ တွေ့ရတယ်။ ခံစားချက်ကို ပြောပြပေးပါ။
ဖြေ- ဇာ အရမ်းကို ကြိုးစားခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဇာကိုယ်တိုင်က သားရှင်ဆိုတော့။ ငါ့သားလေးသာ ဒီလိုမျိုးဆိုတဲ့ဟာကို စိတ်ကို သွင်းထားတာပေါ့နော်။ တကယ်လည်း ကိုယ်က အဲဒီလို သားရူးရူးခဲ့တဲ့အတွက် ကိုယ်နဲ့ ထပ်တူဖြစ်သွားတာပေါ့။ အရမ်းလည်း မု(ဒ်)ဝင်တယ်။ နောက်ပြီးတော့ အရမ်းလည်း လမိ်ုင်း ကပ်ပါတယ်။

မေး- ဒီကာရိုက်တာအတွက် ကြိုတင်ပြင်ဆင်ခဲ့ရပုံကို ပြောပြပေးပါဦး။
ဖြေ- ဒီဇာတ်ကားလေးကို ကိုအောင်(ဒါရိုက်တာဗန်းကြီး)က လာပြောကတည်းက အစ်မရဲ့ အခန်းက သုံး၊ လေး ခန်း ပဲပါတယ်။ သူစပြီး တည်ထားတဲ့ ဇာတ်က။ အစ်မက ဇာတ်ကားတွေဆို သုံးလေးခန်းဆို အစ်မက မရိုက်ဘူးလေ။ အမှန်အတိုင်း ပြောတာ။ အဲဒီတော့ ကိုအောင်ရေ ကျွန်မကို အခန်းလေး နည်းနည်းတိုးပေး။ ဇာတ်လေးက ကောင်းတယ်။ ကျွန်မ ရိုက်ချင်တယ်။ နောက်ပြီးတော့လည်း သားသမီးနဲ့ မိဘဇာတ်ဖြစ်တဲ့အတွက် အဲဒီနေရာလေးက ကျွန်မအတွက် အခန်းတိုးလို့ ရပါတယ်ဆိုတော့ ကိုအောင်ကလည်း လက်ခံတယ်။ ကျွန်တော်တို့ တိုးကြမယ် ဆိုပြီး ရိုက်ရင်း ရိုက်ရင်းက အဲဒီလိုမျိုး ၁၂ခန်း၊ ၁၃ခန်း အထိ ဖြစ်သွားတာ။ သူကလည်း တိုးတယ်။ ကိုယ်က ရိုက်တဲ့အခါမှာ တစ်သားတည်း ကျနေတာပေါ့။ လမိုင်းကပ်နေပြီးတော့ ကိုယ်ကလည်း သားရဲ့အမေဆိုတော့ စိတ်ကလည်းသွင်းရတာ တစ်ခါတည်း လွယ်ကူသွားတာပေါ့။ အဲဒါကြောင့် အခုထွက်လာတဲ့အခါမှာလည်း ကိုယ့်ကိုယ်ကို ပြန်ပြီး သဘောကျမိပါတယ်။

မေး- သရုပ်ဆောင်အသစ်တွေနဲ့ ရိုက်ရတဲ့အတွက် အခက်အခဲ တွေရော ရှိခဲ့လား။
ဖြေ- အသစ်တွေ အားလုံးတော်ကြတယ်။ ကိုအောင်ကလည်း သင်တယ်။ အစ်မကလည်း အတတ်နိုင်ဆုံး ကိုယ့်ရဲ့နောက် new generation တွေအတွက် အတတ်နိုင်ဆုံး ပြောပြပါတယ်။ ကလေးတွေရဲ့ သင်ယူမှုနဲ့ လိုက်နာမှု အပေါ်မှာပဲ မူတည်တယ်။ ကိုယ်တွေက တစ်ခါတစ်ခါကြရင် ပြောပြချင်တယ်။ ဒါပေမယ့် သူတို့တွေက လုပ်ပေးပါ၊ သင်ပေးပါ မပြောရင်တော့ ကိုယ်တွေလည်း ဒီအတိုင်းလေး နေလိုက်တာပေါ့နော်။ ဒါပေမယ့် ဒီကလေးတွေက ရုပ်ရှင် သင်တန်းဆင်းတွေလည်း ဖြစ်တယ်။ 

နောက်ပြီးတော့ ကိုအောင်ရော၊ အစ်မရောကလည်း ဒီကား မရိုက်ခင်ကတည်းက အစ်မတို့အိမ်မှာကို ထရိန်နင်တွေ မောင်းထားတာပါ။ အဲဒီအတွက် တကယ့် တကယ် ရိုက်ကွင်းပေါ်ရောက်တဲ့အခါမှာ သူတို့အတွက် ဘာမှကို ပြောစရာမလိုဘူးပေါ့နော်။ ကလေးတွေကအစ ခဏ ခဏထပ်ရိုက်ရတယ်ဆိုတာ မရှိပါဘူး။ အဆင်ပြေပါတယ်။

မေး - ဒီဇာတ်ကားနဲ့ပတ်သက်ပြီး ပရိသတ်ကို ဘာများပြောချင်ပါသလဲ။
ဖြေ- ဒီကားက မိသားစုတိုင်း လူငယ်လူကြီးမရွေး ဒါက ဘာသာ သာသနာကားဖြစ်တဲ့အတွက် ဗဟုသုတလည်း ရတယ်။ နောက်ပြီးတော့ ပြင်ဆင်သင့်တာတွေလည်း ပြင်ဆင်လို့ရတဲ့ ဇာတ်ကားတစ်ကားဖြစ်တယ်။ လာပြီးတော့ အားပေးကြပါဦးလို့။ နောက်ပြီးတော့ အခုခေတ်မှာ ချစ်တာတွေ၊ ကြိုက်တာတွေ၊ဟာသကားတွေကြားမှာ ဒီလို ဘာသာရေးကားလေးကို အားပေးကြပါ။ လာကြည့်ကြပါလို့ ပြောချင်ပါတယ်။ 
အခုလိုဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။

အိမို့မို့ခိုင် 
Photo - khin zar chi kyaw facebook