မန္တလေး၊    ၆  ဇန်နဝါရီ

 

အထက်မြန်မာပြည်ကိုယ်စားပြု ချောစာ ချောထုပ်များကို ရွေးချယ်စိစစ်၍ သက်ဆိုင်ရာ မြို့အသီးသီးရှိ စာတိုက်များသို့ အိတ်ပိတ်ပေးပို့ရခြင်းနှင့် စာရွေးစာပို့လုပ်ငန်းများကို ဝန်ဆောင်မှုပေးလျက်ရှိသည့် မန္တလေး Mail Exchange အဆောက်အဦအသစ် တည်ဆောက်ရေးလုပ်ငန်းများပြီးစီးပြီဖြစ်၍ ၂၀၂၁ ခုနှစ် ဇန်နဝါရီလဆန်းတွင် လုပ်ငန်းဝန်ဆောင်မူများ စတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာ့စာတိုက် လုပ်ငန်း မန္တလေးစာတိုက်ကြီး မန်နေဂျာဒေါ်နွယ်နီအောင်၏ ပြောကြားချက်အရ သိရသည်။

 

မန္တလေး Mail Exchange အဆောက်အဦအသစ်သည် မန္တလေးမြို့  အောင်မြေသာစံမြို့နယ် ၆၆ လမ်း၊ ၂၂ လမ်းနှင့် ၂၃ လမ်းကြားတွင် တည်ရှိပြီး  မြန်မာ့စာတိုက်လုပ်ငန်းမှ ၂၀၁၉ - ၂၀၂၀ ဘဏ္ဏာရေးနှစ် ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့် တည်ဆောက်ခြင်းဖြစ်သည်။

 

မန္တလေးစာတိုက်ကြီး မန်နေဂျာ ဒေါ်နွယ်နီအောင်က “မြန်မာတစ်နိုင်ငံလုံးသို့ ပေးပို့သည့် ချောစာချောထုပ်တွေကို စာရွေး၊ စာခွဲ၊ အိတ်ပိတ် စတဲ့ လုပ်ငန်းတွေကို ဆောင်ရွက်ရပြီး အွန်လိုင်း ချောစာ ချောထုပ်ပစ္စည်းများကိုလည်း အချိန်နှင့်တစ်ပြေးညီ လက်ခံပေးဝေနိုင်ရေးအတွက် ဝန်ဆောင်မှု များ ပေးသွားမှာဖြစ်ပါတယ်။ ချောစာ ချောထုပ်တွေကို အချိန်မီ သက်ဆိုင်ရာစာတိုက်များသို့ ရောက်ရှိနိုင်ဖို့ ခေတ်မီနည်းပညာတွ၊ ဆော့ဝဲလ်တွေ အသုံးပြုပြီး မှန်ကန်မြန်ဆန်စွာ ခွဲဝေပေးနိုင်ရေးအတွက် ကြိုးစားစီစဉ်နေပါတယ် ဟု  ပြောသည်။

 

မြန်မာစာတိုက်လုပ်ငန်းအနေဖြင့် များပြားလာသည့် ချောစာချောထုပ်များကို မှန်ကန်မြန်ဆန်သည့် စာရွေး စာခွဲပေးပို့သည့် ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် မန္တလေးနှင့် ရန်ကုန်မြို့များတွင် Mail Exchange အသစ်ကို ထပ်မံတည်ဆောက်ထားခြင်းဖြစ်ကြောင်း သိရသည်။

 

အောင်သူရ