ချောက်    ၂၀   မေ

 

မကွေးတိုင်းဒေသကြီး ချောက်မြို့နယ်တွင် နွေရာသီရောက်တိုင်း နှစ်စဉ်အပူချိန်မြင့်တတ်ပြီး နှစ်နှစ်ဆက်တိုက်  အပူစံချိန်သစ်တင်ခဲ့သောမြို့ဖြစ်၍ မြို့အပူချိန်လျှော့ချရေးနှင့် ထိန်းသိမ်းစောင့်ရှောက်ရေးကော်မတီက ယခုနှစ် မိုးရာသီတွင် အရိပ်ရသစ်ပင်များ တိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် အမှတ် ၁ ရပ်ကွက်၊ ရှစ်မျက်နှာဘုရားနှင့် အောင်မင်္ဂလာဘုရားအနီး နေရာတို့တွင်ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။

 

ယခင်နှစ်၂၀၁၉ ခု မေ ၉ ရက်နေ့က ၄၇ ဒသမ ၁ ဒီဂရီစင်တီဂရိတ် အပူချိန် စံချိန်သစ်တင်ခဲ့သဖြင့် မြို့အပူချိန် လျှော့ချရေးနှင့် ထိန်းသိမ်းစောင့်ရှောက်ရေးကော်မတေနှင့် ဆပ်ကော်မတီများဖွဲ့စည်းကာ အမှတ် ၁ ရပ်ကွက် ရှစ်မျက်နှာဘုရားနှင့် အောင်မင်္ဂလာဘုရားအနီး၊  အမှတ် ၁၀ အေးစေတီရပ်ကွက်၊ ရွှေတိဂုံပုံတူ ရတာနာမာန်အောင်စေတီဘုရားအနီး၊ အမှတ် ၅ ရွှေသူဌေးကုန်းရပ်ကွက် အောင်တော်မူဘုန်းကြီးကျောင်း အရှေ့ဘက်၊ ဇီးချိုပင်ဂေါက်ကွင်း စသည့် နေရာတို့တွင် အရိပ်ရသစ်ပင် ၅၀ဝ၀ ပင်ကျော် စိုက်ပျိုးခဲ့ရာတွင် ယနေ့အထိ အောင်မြင်မှု ၈၀ ရာခိုင်နှုန်းကျော် ဖြစ်သည်ဟု မြို့နယ်အပူချိန်လျှော့ချရေးနှင့် ထိန်းသိမ်းစောင့်ရှောက်ရေးကော်မတီ တာဝန်ရှိသူထံမှသိရသည်။

 

ယခုနှစ် မေလ ၈ ရက်နေ့ကလည်း ၄၇ ဒဿမ ၅ ဒီဂရီစင်တီဂရိတ်အပူချိန် စံချိန်သစ်ရောက်ရှိခဲ့ကာ ယခုနောက်ပိုင်း ရက်များတွင်လည်း နေ့စဉ်အမြင့်ဆုံးအပူချိန် ၄၅ ဒသမ ၅ ဒီဂရီစင်တီဂရိတ်နှင့် ၄၆  ဒီဂရီစင်တီဂရိတ်အထက် ဝန်းကျင်တွင်ရှိပြီး အပူချိန် ဆက်လက်မြင့်တတ်လျက်ရှိကြောင်း ချောက်မြို့နယ် မိုးလေဝသနှင့်ဇလဗေဒတိုင်းတာရေးစခန်း တာဝန်ရှိသူထံမှ သိရသည်။

 

မချို(ပြန်/ဆက်)