ချောက် ၁၈ ဇွန်
မကွေးတိုင်းဒေသကြီး၊ ချောက်မြို့အမှတ် (၁) ရပ်ကွက်ရှိ ရှစ်မျက်နှာဘုရားနှင့် အောင်မင်္ဂလာ ဘုရားကုန်းတော်တို့တွင် သစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့ နံနက် ၈ နာရီက ကျင်းပပြုလုပ်ရာ ပျိုးပင် ၁၀ဝ၀ ကျော်အား စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။

အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတော်ကို ချောက်မြို့ အပူချိန်လျှော့ချရေးကော်မတီ က စီစဉ်ကျင်းပခဲ့ခြင်း ဖြစ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတာ နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်း နှင့် ရုပ်ရှင်သရုပ်ဆောင် အနုပညာရှင်များ၊ ရန်ကုန်ရောက် ချောက်မြို့နယ်မိသားစု အသင်းသားများ၊ လူမှုရေးအသင်း အဖွဲ့များနှင့် ဒေသခံပြည်သူများတက်ရောက်ခဲ့ကြသည်။
သစ်ပင်စိုက်ပျိုးပွဲတွင် အမေရိကန် နှင့် မြန်မာနိုင်ငံ သာသနာ့ကျောင်းဆရာတော် ဦးတောသန က အဖွင့်သြဝါဒကထာ မိန့်ကြားပြီး၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုက အဖွင့်အမှာစကား ပြောကြားသည်။
ထို့နောက် ချောက်မြို့ အပူချိန်လျော့ချရေးကော်မတီမှ ဦးကျော်မိုးမြင့်က သစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပပြုလုပ်ရခြင်းအား ရှင်းလင်းတင်ပြပြီး၊ မြန်မာ့နိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်း က မြန်မာ့ရုပ်ရှင်နှစ် (၁၀ဝ) ပြည့်ပွဲတော် အကြိုအဖြစ် ချောက်မြို့သစ်ပင်စိုက်ပွဲတော်အား ပူးပေါင်းပါဝင် ဆောင်ရွက်ရခြင်းနှင့် အလှူငွေများ လှူဒါန်းရခြင်း အခြေအနေများကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ရုပ်ရှင်သရုပ်ဆောင် နေထူးနိုင်က “သစ်ပင်စိုက်ကြစို့” အစီအစဉ်နှင့် စပ်လျဉ်း၍ ဆောင်ရွက်ခဲ့မှုများကို ရှင်းလင်းတင်ပြပြီး မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ ငွေကျပ် ၈၄၂၀ဝ၀ဝ၊ ရန်ကုန်ရောက် ချောက်မြို့နယ်အသင်း မိသားစုအသင်းမှ ငွေကျပ်သိန်း ၇၀၊ ချောက် GTI ကျောင်းသားဟောင်းများမှ ငွေကျပ် ၅ သိန်း တို့အား ပေးအပ်လှူဒါန်းရာ ချောက်မြို့ အပူချိန်လျော့ချရေး ကော်မတီမှ တာဝန်ရှိသူများက လက်ခံရယူခဲ့သည်။
အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတော်အား သစ်တောဦးစီးဌာနနှင့် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာနတို့မှ ပံ့ပိုးကူညီပေးသည့် တမာ၊ သင်္ဘောငုစပ်(ပဲချယ်ရီ)၊ မယ်ဇလီ၊ မာတာကွတ် (သကြားပင်)၊ ဖျောက်ဆိပ်ပင် စသည့် ပျိုးပင်စုစုပေါင်း ၁၀ဝ၀ ကျော်တို့အား စုပေါင်းစိုက်ပျိုးခဲ့ကြပြီး ကော်မတီအနေဖြင့် ချောက်မြို့နယ်အတွင်း သစ်ပင်များကိုလည်း ဆက်လက်စိုက်ပျိုးပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်မိုး (ပြန်/ဆက်)