ချောက် ၂၉ မတ်

 

ချောက်မြို့တွင် COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းနှင့် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် မြို့နယ်စီမံခန့်ခွဲရေးကော်မတီမှ တာဝန်ရှိသူများက သံသယလူနာများတွေ့ရှိပါက ထားရှိနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိသည်။

 

မြို့နယ်စီမံခန့်ခွဲရေး ကော်မတီမှ တာဝန်ရှိသူများသည် ပြည်ပမှပြန်လာသူများ ထားရှိနိုင်ရန် ချောက်မြို့ အထက(၁) ကျောင်းတွင် ၁၄ ရက် ကျန်းမာရေးစောင်ကြည့်ထားရှိနိုင်ရန် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်၍ လူအယောက် ၄၀ အတွက် အဆင်သင့်ပြုလုပ်ထားပြီး သံသယရှိလူနာများအတွက် မြို့နယ်ပြည်သူ့ ဆေးရုံတွင် အဆင်သင့်ဆောင်ရွက်ထားကြောင်း သိရသည်။ ထို့ပြင် အရန်အဖြစ် အဆိုပါကျောင်းရှိ မြရိပ်ညိုခန်းမနှင့် ကာယလေ့ကျင့်ခန်းမ စသည့်နေရာများတွင်လည်း ကျန်းမာရေးစစ်ဆေးမှု စောင့်ကြည့်နိုင်ရန် စီမံဆောင်ရွက်လျက်ရှိသည်။

 

mdn

 

မြို့နယ်အတွင်း COVID-19 ရောဂါဖြစ်ပွားမှုမရှိစေရန် ပညာပေးလုပ်ငန်းများနှင့် ကြိုတင်စီမံခန့်ခွဲရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် မြို့နယ်အတွင်း ဖြတ်သန်းသွားလာကြသည့် အဝင်ဂိတ်များဖြစ်သော အမှတ်(၁)ရပ်ကွက်ရွှေပုံတောင်ဂိတ်၊ ဆိပ်ဖြူမြို့မှ ဖြတ်သန်းလာသည့် အနော်ရထာတံတားဂိတ်နှင့် မိုလာဂိတ်တို့ရှိ မြို့နယ်အတွင်းဝင်ရောက်ဖြတ်သန်းသည့် ခရီးသွားယာဉ်များတွင် လိုက်ပါလာကြသည့် ခရီးသည်များအား ကိုယ်အပူချိန်တိုင်းတာစစ်ဆေးခြင်းများကို မြို့နယ်စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌမှ ဂိတ်သုံးဂိတ်အား အဖွဲ့သုံးဖွဲ့ခွဲ၍ ဆောင်ရွက်ခဲ့ကြသည်။

 

ရောဂါဖြစ်ပွားမှုကို ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့နယ်အတွင်း အချက်အချာနေရာများတွင် အသိပညာပေး ဗီနိုင်းများ စိုက်ထူထားရှိခြင်း၊ ရဲစခန်းလမ်းမတော်မီးပွိုင့်တွင် LED P -6 အမျိုးအစား ရုပ်သံထွက်ပြစက်ဖြင့် ပြသ အသိပေးခြင်း၊ မြို့နယ်အတွင်းရှိ ကျေးရွာ၊ ရပ်ကွက်များအလိုက် အသံချဲ့စက်များဖြင့် ပြည်သူများ လိုက်နာဆောင်ရွက်ရန် အသိပေး နှိုးဆော်ချက်များကိုလည်း နေ့စဉ် ဆော်ဩပေးလျက်ရှိသည်။

 

ယနေ့အချိန်အထိ ချောက်မြို့ ပြည်သူ့ဆေးရုံတွင် အဆိုပါရောဂါနှင့်ပတ်သက်၍ စောင့်ကြည့်လူနာ တစ်ဦးတစ်ယောက်မျှ မရှိသေးကြောင်းနှင့် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ နေ့စဉ်မပြတ် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ကျော်မိုး(ပြန်/ဆက်)