ချောက် ၁၅ မတ်

 

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ချောက်မြို့နယ်အတွင်း ကျေးလက်ဒေသ နွေရာသီ ရေရှားပါးပြတ်လပ်မှု မရှိစေရေးနှင့် သန့်ရှင်းသော သောက်သုံးရေ ဖူလုံစွာရရှိစေရန်ရည်ရွယ်၍ ထိန်စမ်းကျေးရွာ၊ တည်ပင်ကန်ကျေးရွာ၊ ကံသာကျေးရွာ၊ ဆူးတပ်ကျေးရွာ၊ ထန်းစုရွာသစ်ကျေးရွာ၊ မြေစွန်း(အနောက်) ကျေးရွာများတွင် အဝီစိစက်ရေတွင်း တူးဖော်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း ချောက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

 

ချောက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် နှစ်စဉ် ရေရှားပါးပြတ်လပ်နိုင်သော ကျေးရွာများကို ဦးစားပေးအလိုက် ရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာရေးနှစ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခွင့်ပြုရန်ပုံငွေ ၈၁ ဒသမ ၈၇ သန်းဖြင့် ထိန်စမ်းကျေးရွာ၊ တည်ပင်ကန်ကျေးရွာ၊ ကံသာကျေးရွာများတွင် စက်ရေတွင်းတူးဖော်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများကို လည်းကောင်း၊ အပူပိုင်းစုံကျေးလက်ရေရရှိရေး JICA စီမံကိန်း ခွင့်ပြုရန်ပုံငွေ ၇၀ ဒသမ ၈၀၉ သန်းဖြင့် ဆူးတပ်ကျေးရွာ၊ ထန်းစုရွာသစ်ကျေးရွာနှင့် မြေစွန်း(အနောက်)ကျေးရွာများ စက်ရေတွင်းတူးဖော်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများကို လည်းကောင်း အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိရာ ၇၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း ချောက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မေသက်နိုင်က ပြောသည်။

 

အဆိုပါ ကျေးရွာခြောက်ရွာတွင် စက်ရေတွင်းတူးဖော်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါက ကျေးရွာခြောက်ရွာရှိ အိမ်ခြေ (၇၈၁)အိမ်၊ လူဦးရေ (၃၇၈၀)ဦးနှင့် ကျွဲ၊ နွား တိရစ္ဆာန်များ၏ သောက်သုံးရေအတွက် အကျိုးပြုမည်ဖြစ်ကြောင်း သိရသည်။

 

စိုးမိုးကျော်