ချောက် ၃ ဖေဖော်ဝါရီ
မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် စက်မှုနှင့် အသက်မွေးပညာ ရွေ့လျားသင်တန်း အမှတ်စဉ်(၁၁၄)ဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီက ချောက်မြို့နယ် ဂွေးချိုကျေးရွာ သုခကာရီ ရွာဦးဘုန်းတော်ကြီးကျောင်း၌ ဖွင့်လှစ်ခဲ့သည်။
အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ အလုပ်သမားရေးရာ ဝန်ကြီး ဦးမြင့်ဆွေမှ အသက်မွေးဝမ်း ကျောင်းအတတ်ပညာကို အလေးထား လိုက်နာသင်ယူကြရန်၊ အချိန်ကို တန်ဖိုးရှိစွာအသုံးချ၍ သင်ကြားမှုကို မှတ်သားထားရန်၊ စက်၏ အခြေခံဘောတရားများ နားလည်အောင် ကြိုးစာသင်ယူကြရန် ရှင်းလင်းပြောကြားသည်။
သင်တန်းသို့ ဂွေးချိုကျေးရွာအုပ်စုမှ ဂွေးချို၊ တောင်နောက်၊ အုတ်တွင်းကျေးရွာများ၊ သစ်တိုကန်ကျေးရွာအုပ်စုမှ သစ်တိုကန်၊ စမ်းနီ၊ စမ်းကန်ကျေးရွာများ၊ ပန်းပဲကျေးရွာအုပ်စုမှ ပန်းပဲ၊ မင်းကန်ကျေးရွာများတို့မှ သင်တန်းသား ၄၀ ဦးကို ဖေဖော်ဝါရီ ၃ ရက်မှ ၁၇ ရက်နေ့အထိ စိုက်ပျိုးရေးသုံးအင်ဂျင်၊ မော်တော်ဆိုင်ကယ်ပြုပြင် ထိန်းသိမ်းခြင်း ပညာရပ်များကို နည်းပြဆရာ လေးဦးဖြင့် စာတွေ့လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်မိုး(ပြန်/ဆက်)