ရေးသားသူ Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ချောင်းဆိုးတာက ပြောတော့သာဘာမှမဟုတ်သလိုနဲ့ လူကြားထဲမှာ ချောင်းဆိုးချင်ရင် တော်တော်လေးတော့ နေရခက်တယ်နော်။ ချောင်းဆိုးချင်ထားတာ အောင့်ထားလို့မရတဲ့ ပြဿနာတစ်ခုပါ။ ဒီပြဿနာကိုဖြေရှင်းဖို့ ဆေးလည်း မသောက်ချင်ဘူးဆိုတဲ့ Hello ဆရာဝန်ပရိသတ်ကြီးများရှိလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်စေချင်ပါတယ်။
ချောင်းဆိုးပြီဆိုတာနဲ့ ဆေးသောက်ရမှာလား…….
ချောင်းဆိုးတိုင်းတော့ဆေးသောက်ဖို့လိုလားဆိုတော့ မလိုပါဘူး။ ချောင်းဆိုးတာကိုသက်သာစေမယ့် အိမ်တွင်းကုထုံးတွေအများကြီးရှိပါတယ်။ ဥပမာပြောပြရရင်
- ရေနွေးငွေ့ခံတာ
- ကြက်သွန်ဖြူစားတာ
- ဂျင်း (ချင်း) စားတာ
- ငရုတ်ကောင်းခတ်ထားတဲ့ ဟင်းချိုပူပူလေးသောက်တာ
- ရေနွေးနဲ့ရေချိုးတာ
- ရေနွေးထဲကို ပျားရည်နဲ့ သံပရာရည်ထည့်ပြီးသောက်တာမျိုးတွေလုပ်ပေးလို့ရပါတယ်။
ချောင်းဆိုးပျောက်ဆေးတွေထက်စွမ်းတဲ့ နည်းလမ်းတစ်ခု
ချောင်းဆိုးတာကို ပျောက်ကင်းစေမယ့် ချောင်းဆိုးပျောက်ဆေးထက်စွမ်းတဲ့ နည်းလမ်းတစ်ခုရှိပါတယ်။ ဒါကတော့ အလုပ်လည်းမရှုပ်ဘဲ ဆေးသောက်ရမှာကြောက်သူတွေအတွက်လည်း အဆင်ပြေစေနိုင်မယ့် နာနတ်သီးဖျော်ရည်သောက်ပေးခြင်းပါပဲ။ နာနတ်သီးဖျော်ရည်သောက်ပေးခြင်းကြောင့်
- ချွဲတွေကိုပျော်စေနိုင်တယ်
- အသက်ရှုလမ်းကြောင်းကို ကျန်းမာစေနိုင်တယ်
- လည်ချောင်းတွင်းက အစိုဓာတ်ကို ထိန်းပေးနိုင်တယ်
- ဓာတ်မတည့်မှုကြောင့်ဖြစ်တဲ့ အသက်ရှုလမ်းကြောင်းတလျှောက်ရောင်ရမ်းမှုတွေကို သက်သာစေနိုင်တယ်
- ပန်းနာရင်ကျပ်ရောဂါကြောင့်ဖြစ်တဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာ ပြဿနာတွေကို သက်သာစေနိုင်တယ်
- ထိပ်ကပ်နာကြောင့်ဖြစ်တဲ့ အသက်ရှုလမ်းကြောင်းပြဿနာကို သက်သာစေနိုင်တယ်
- ဝတ်မှုန်နဲ့ဓာတ်မတည့်မှုကြောင့်ဖြစ်တဲ့ ချောင်းဆိုးတာကို သက်သာစေနိုင်ပါတယ်။
နာနတ်သီးဖျော်ရည်ကဘာကြောင့် ချောင်းဆိုးသက်သာစေနိုင်ရတာလဲ………
နာနတ်သီးဖျော်ရည်မှာ bromelain လို့ခေါ်တဲ့ အင်ဇိုင်းတစ်မျိုးပါဝင်နေတာကြောင့် နာကျင်ရောင်ရမ်းမှုကို သက်သာစေပြီး ချွဲတွေကိုပျော်စေနိုင်ပါတယ်။ ဒါတွေတင်လားဆိုတော့ မဟုတ်ပါဘူး။ နာနတ်သီးမှာ ဗီတာမင် C ပါဝင်နေတာကြောင့် ကိုယ်ခံအားကိုကောင်းစေနိုင်သလို အမြင်အာရုံကိုလည်း ကျန်းမာစေနိုင်ပါတယ်။ အမျှင်ဓာတ်ပါဝင်နေတာကြောင့် အစာခြေစနစ်ကို ကျန်းမာစေနိုင်ပါတယ်။ မဂ္ဂနိ့ ပါဝင်နေတာကြောင့် ဆဲလ်တွေပျက်စီးတာကို ကာကွယ်ပေးပါသေးတယ်။ ဒါတွေအပြင် နာနတ်သီးမှာခန္ဓာကိုယ်ကို ကျန်းမာစေနိုင်တဲ့ ဘီတာကယ်လ်ရိုတင်း၊ ကော့ပါး၊ ဇင့်၊ ဖောလိတ်တို့လည်း ပါဝင်နေပါသေးတယ်။ ကျန်းမာရေးအတွက်လိုအပ်တဲ့ ဗီတာမင် နဲ့ သတ္တုဓာတ်တွေကြွယ်ဝစွာ ပါဝင်နေတာကြောင့် ခန္ဓာကိုယ်ကိုကျန်းမာစေသလို ချောင်းဆိုးတာ၊ ချွဲကြပ်တာကိုလည်း သိသိသာသာသက်သာစေမှာပါ။
ချောင်းဆိုးသက်သာစေမယ့် နာနတ်သီးဖျော်ရည်ကို ဘယ်လိုဖျော်မလဲ………
ချောင်းဆိုးတာကိုသက်သာစေဖို့ နာနတ်သီးဖျော်ရည်သောက်မယ်ဆိုရင်တော့
- နာနတ်သီးကိုကြိတ်ခြေထားတဲ့ ဖျော်ရည်တစ်ခွက်စာ
- ဆားနည်းနည်း
- ငရုတ်ကောင်းမှုန့်နည်းနည်းနဲ့ ပျားရည် လက်ဖက်ရည်ဇွန်းတဝက်စာတို့ကို ရောဖျော်လိုက်ပါ။ ဒီတစ်ခွက်စာကို လေးခွက်အညီအမျှခွဲပြီး တစ်နေ့တာမှာ ၄ ကြိမ်သောက်ပေးပါ။ ဒီလိုသောက်ပေးမှုနဲ့အတူ တစ်နေ့တာမှာ ရေ ၈ ခွက်သောက်ပေးပါ။ ဒီလိုလုပ်ပေးတာကြောင့် ချွဲသလိပ်တွေကြေစေပြီး ချောင်းဆိုးတာကို သက်သာစေမှာပါ။
ဒီရာသီမှာ ချောင်းကလည်းဆိုးနိုင်သလို နာနတ်သီးကလည်း ပေါတဲ့အချိန်ဆိုတော့ ချောင်းဆိုးလို့ ဆေးသောက်ရမှာကြောက်တဲ့သူလေးတွေအနေနဲ့ နာနတ်သီးဖျော်ရည်လေးသောက်လို့ အောင့်ရခက်တဲ့ လူကြားထဲချောင်းဆိုးချင်တဲ့ ပြဿနာကို ခပ်ဝေးဝေးမောင်းထုတ်လိုက်ရအောင်လား…….
Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။
“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”