မော်လမြိုင် မတ် ၁၈
နှစ်(၅၀)ပြည့် ရွှေရတုမွန်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ချောင်းဆုံမြို့နယ် ဒရယ်-တောင်စွန်း (ကလွီရွာရှောင်လမ်း) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပရာ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတော်အစိုးရအနေဖြင့် မွန်ပြည်နယ်အတွင်း လမ်းပန်းဆက်သွယ်မှုကောင်းမွန်စေရေး အထူးအလေးထား ဆောင်ရွက် လျက်ရှိကြောင်း၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လမ်းပန်းဆက်သွယ်မှု ကောင်းမွန်စေရေး သည် အဓိကအရေးကြီးသည့် အချက်ဖြစ်ကြောင်း၊ လမ်းပန်း ဆက်သွယ်ရေး တိုးတက် ကောင်းမွန်လာခြင်းဖြင့် ဒေသထွက်ကုန်များအဆင်ပြေချောမွေ့စွာ ပို့ဆောင်နိုင်မည်ဖြစ်ပြီး ပညာရေး၊ ကျန်းမာရေး၊ လှုမှုရေးကိစ္စရပ်များအတွက် များစွာအထောက်အကူပြုစေမည့်အပြင် ဒေသ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကို များစွာ အထောက်အကူပြုမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ဒေသခံပြည်သူတစ်ဦးက ဒရယ်-တောင်စွန်း (ကလွီရွာရှောင်လမ်း) ဖောက်လုပ်ပေးသည့်အတွက် ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်ချုပ်၊ ပြည်နယ်စီးပွားရေးရာဝန်ကြီးနှင့် ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးတို့က ဒရယ်-တောင်စွန်း (ကလွီရွာ ရှောင်လမ်း) ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
အဆိုပါလမ်းသည် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေကျပ် ၅၁၄ ဒသမ ၆၃၈ သန်း ကျခံအသုံးပြု ဆောင်ရွက်ခဲ့သည့် ၈၂၈၂ ပေ ဂဝံ/ ကျောက်ရော မြေသားလမ်းဖြစ်ပြီး ၈ ပေ Box Culvert ၆ စင်း၊ ပေ ၄၀ ကွန်ကရစ် တံတား ၁ စင်းနှင့် ပေ ၃၀ ကွန်ကရစ်တံတား ၁ စင်း ပါဝင်သည်။ ဒရယ်-တောင်စွန်း (ကလွီရွာရှောင်လမ်း) ဖောက်လုပ်ပြီးစီးခဲ့သည့်အတွက် ကလွီ၊ ဒရယ်၊ ဒေါင်းဥ၊ တောင်စွန်းနှင့် ကမာမို ကျေးရွာများရှိ ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအထောက်အကူပြုမည်ဖြစ်ကြောင်း သိရသည်။
သက်နိုင်(မော်လမြိုင်)