ချောင်းဆုံမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံ

ချောင်းဆုံ မေ ၂၃

 

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းသား ကျောင်းသူများ ကျောင်းအပ်လက်ခံခြင်းကို မေ ၂၃ ရက် နံနက်ပိုင်းမှ စတင်၍ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းနှင့် ကိုယ်ပိုင်အထက်တန်းကျောင်းများတွင် တစ်ပြိုင်တည်း ကျောင်းအပ်လက်ခံ လျက်ရှိကြောင်း သိရသည်။

 

၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ကျောင်းအပ်နှံသူ ကျောင်းသား ကျောင်းသူများအတွက် ကျောင်းသုံးပုံနှိပ်စာအုပ်နှင့် ဗလာစာအုပ် တစ်ဒါဇင် အခမဲ့ပေးအပ်ပြီး Grade 1 မှ Grade5 အထိ ကျောင်းသား ကျောင်းသူများအတွက် ကျောင်းဝတ်စုံ တစ်စုံစီ အခမဲ့ ပေးအပ်သည်။

 

ကျောင်းအပ်လက်ခံခြင်းကို အခြေခံပညာကျောင်း ၁၁၁ ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း တစ်ကျောင်းနှင့် ကိုယ်ပိုင်အထက်တန်းကျောင်း တစ်ကျောင်းတို့ လက်ခံသွားမည်ဖြစ်ပြီး ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် မူလတန်းအဆင့် ၁၇၁၆၆ ဦး၊ အလယ်တန်းအဆင့် ၅၃၂၀ နှင့် အထက်တန်းအဆင့် ၂၅၅၄ ဦး စုစုပေါင်း ၂၅၀၄၀ ကျောင်းအပ်လက်ခံနိုင်ရေး လျာထားဆောင်ရွက်ထားကြောင်း မြို့နယ်ပညာရေးမှူးရုံး မှသိရသည်။

 

ချောင်းဆုံ(ပြန်/ဆက်)