ချောင်းဆုံ ၂၆ ဇွန်

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကိုဗစ်-၁၉ ကာလအတွင်း ကျေးလက်နေ ပြည်သူများအတွက် အလုပ်အကိုင် ဖန်တီးပေးမည့် Cash For Work ( CFW )စီမံကိန်း နှင့် ကျေးရွာ မတည်ရန်ပုံငွေ စီမံကိန်း ( VRFP ) အတွက် ကျေးရွာရွေးချယ်ပွဲ အခမ်းအနားကို ဇွန် ၂၆ ရက် နံနက် ၁၀ နာရီအချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

 

အခမ်းအနားသို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလင်းတင်ဌေး၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းအောင်ကျော်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်စန်းစန်းမော်နှင့် ဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။

 

အဆိုပါ အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းအောင်ကျော် က အဖွင့်အမှာစကား ပြောကြားပြီး၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်စန်းစန်းမော် က စီမံကိန်းရည်ရွယ်ချက်များနှင့် ကျေးရွာရွေးချယ်ရေးစံနှုန်းများကို တက်ရောက် လာသူများအား ရှင်းလင်းတင်ပြခဲ့သည်။

 

ထို့နောက်တက်ရောက် လာသူများမှ Cash For Work(CFW) စီမံကိန်းအတွက်ကျေးရွာ (၂၁) ရွာနှင့် ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း (VRFP) အတွက် ကျေးရွာ( ၁၂ )ရွာတို့အား ရွေးချယ်ပေးခဲ့ကြကြောင်း သိရသည်။

မြင့်ဦး(မြိတ်)