ချောင်းဆုံ ၂၄ မတ်
ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်နိုင်ရန် ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီက မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင် ပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲတွင် ချောင်းဆုံမြို့နယ်အတွင်းရှိ ကျေးရွာများ၌ နယ်မြေရပ်ခြားမှ ပြန်ရောက်လာသူများ တွေ့ရှိပါက သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးသို့ အမြန်ဆုံးအကြောင်းကြားကြရန်၊ ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှု တွေ့ရှိလာပါက ကျန်းမာရေးဌာနသို့ လာရောက်ပြီး ကုသမှုခံယူရန်နှင့် မြို့နယ် ဆေးရုံတွင် လူနာခုတင်များ ပြင်ဆင်ထားရှိမှု အခြေအနေ၊ ကာကွယ်ရေးနှင့်ပတ်သက်ပြီး ကျန်းမားရေး ဝန်ထမ်းများနှင့် ကျေးလက်ကျန်းမာရေး ဌာနများ၏ လုပ်ငန်းဆောင်ရွက်မှုများ၊ မြို့အဝင်များတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်ရေးအတွက် အပူချိန်တိုင်း ကိရိယာများဖြင့် စစ်ဆေးနိုင်ရန် ဆောင်ရွက် သွားမည့် အခြေအနေများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးပွဲသို့ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ကြည်မြ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းအောင်ကျော်၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာနတို့နှင့် တာဝန်ရှိသူများက တက်ရောက် ဆွေးနွေးခဲ့ကြသည်။
ထူးအိမ်(ပြန်/ဆက်)


