ချောင်းဆုံမြို့နယ်တွင် ကိုဗစ်-၁၉ ကာလအတွင်း တစ်ပိုင်တစ်နိုင် လက်မှုလုပ်ငန်းလုပ်ကိုင်နေသည့် ဆေးတံနှင့် လူသုံးကုန်ပစ္စည်းများ အရောင်းအဝယ်ထိုင်းနေ

ချောင်းဆုံ ၁၇ ဇွန် 

 

မွန်ပြည်နယ် ချောင်းဆုံမြို့နယ် ရွာလွတ်ကျေးရွာတွင် ယနေ့အချိန်ထိ စီးပွားဖြစ် တစ်ပိုင်တစ်နိုင် လုပ်ကိုင်လျက်ရှိသော ဆေးတံနှင့် အခြားလူသုံးကုန်ပစ္စည်းများမှာ ယခုကာလအတွင်း ဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ရောဂါအခြေနေကြောင့် လက်မှုပစ္စည်းများ အရောင်းအဝယ်ထိုင်းနေကြောင်း ဒေသတွင်းလက်မှုလုပ်ငန်း လုပ်ကိုင်နေသူများထံမှ သိရသည်။

 

“အရင်ကဆိုရင် အိမ်မှာလာရောက်ဝယ်ယူသူတွေရှိတော့ တစ်နေ့ကို ကျပ် ၅၀၀၀၀ ဝန်းကျင်လောက် ရပါတယ်။ ကိုဗစ်-၁၉ ဖြစ်ပွားနေသည့် ကာလအတွင်း ဆိုင်တွေအများစု ပိတ်ထားရတော့ လာရောက်ဝယ်ယူသူတွေ သိပ်မရှိသလောက်ပါဘဲ။ ပစ္စည်းဈေးနှုန်းတွေကတော့ အနည်းဆုံး ကျပ် ၅၀၀ ကနေပြီး အမျိုးအစားအလိုက် ကျပ် ၈၀၀၀၀၊ ၁၀၀၀၀၀ လောက်ရှိပါတယ်”ဟု ဆေးတံနှင့် အသုံးအဆောင်ပစ္စည်းများ လုပ်ကိုင်သူ ဦးသန်းဇော်က ပြောသည်။

 

ဆေးတံနှင့် အခြားလူအသုံးအဆောင်ပစ္စည်းများကို အခြားနယ်ဘက်မှ ခရီးသွားဧည့်သည်များအပြင် လက်မှုလုပ်ငန်းကို စိတ်ဝင်စားကြသည့် နိုင်ငံခြားသားခရီးသည်များပါ လာရောက်လေ့လာကြပြီး အမှတ်တရ ပစ္စည်းများအဖြစ် ဝယ်ယူလျက်ရှိကြသော်လည်း ယခုအခါ ကိုဗစ်-၁၉ ရောဂါအခြေအနေကြောင့် လာရောက်ဝယ်ယူသူများနှင့် လေ့လာသူများ လာရောက်မှု နည်းပါးလျက်ရှိကြောင်း သိရသည်။

 

“အရောင်းအဝယ်တွေကတော့ ပြင်ပပို့ကုန်အနေဖြင့် မော်လမြိုင်၊ ဘာအံ၊ ပဲခူးမြို့များသို့ တင်သွင်းပါတယ်၊ ယခုနောက်ပိုင်းတွေမှာတော့ မပို့ဖြစ်တာများတယ်၊ အိမ်မှာပဲ ရောင်းကုန်အနေနဲ့တင်ပြီး ရောင်းချနေတာ ပိုအဆင်ပြေတော့ နယ်တွေကို သိပ်ပြီးမပို့ဖြစ်တော့တာပါ။ ယခင်က အိမ်မှာဖွင့်ထားရင်းနဲ့ဘဲ လာရောက်ဝယ်ယူသူတွေ ရှိပါတယ်၊ ယခုကိုဗစ်-၁၉ ဖြစ်ပွားတဲ့နောက်ပိုင်းမှာတော့ နိုင်ငံခြားသား ခရီးသွားဧည့်သည်များ လာရောက်သူတွေမရှိတော့ အရောင်းအဝယ်လဲ သိပ်မရှိတော့ဘူးပေါ့”ဟု ၎င်းက ဆက်လက်ပြောသည်။

 

ရွာလွတ်ကျေးရွာတွင် ယခင်က ဆေးတံလုပ်ငန်းလုပ်ကိုင်သူများ များစွာရှိခဲ့သော်လည်း ယခုအချိန်ထိ စီးပွားဖြစ်လုပ်ငန်းလုပ်ကိုင်နေသူ နည်းငယ်သာကျန်ရှိနေပြီး ဆေးတံလုပ်ငန်းအပြင် အခြားလူသုံးကုန် ပစ္စည်းများဖြစ်သည့် သစ်သားဖြင့်ပြုလုပ်သည့် တုတ်ကောက်၊ ဘောပင်၊ လင်ပန်း၊ ဘီး၊ ဇွန်း၊ ခရင်း၊ ငရုတ်ဆုံ၊ သော့တွဲအမျိုးမျိုးနှင့် အုန်းမုတ်ခွက်ဖြင့် ပြုလုပ်သည့် ရေနွေးကရား၊ ရေနွေးခွက် စသည့် လူအသုံးအဆောင်ပစ္စည်း (၂၅)မျိုးကျော်ကို ထုတ်လုပ်ရောင်းချလျက်ရှိကြောင်း သိရသည်။

 

ထူးအိမ်(ပြန်/ဆက်)