ချောင်းဆုံ ၂၃ ဒီဇင်ဘာ
မူးယစ်ဆေးဝါး အသိအမြင် ဆွေးနွေးမှုဆိုင်ရာ လေ့လာတွေ့ရှိချက်များ ရှင်းလင်းတင်ပြခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက ချောင်းဆုံမြို့နယ် ကျွန်းသာယာခန်းတွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် (YIHR) ဥက္ကဋ္ဌ ဒေါ်ဇာနည်မြင့် က လူငယ်များ မူးယစ်ဆေးဝါးဥပဒေကို သိရှိပြီး ကြိုတင်ကာကွယ်နိုင်ကြောင်း သက်ဆိုင်ရာတာဝန်ရှိသူများကလည်း မူးယစ်ဆေးဝါး သုံးစွဲမှု လျော့နည်း ပပျောက်ရေး ဆောင်ရွက်ချက်များကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့အနေနှင့် ကျေးရွာ/ရပ်ကွက်များအရောက် ပညာပေးလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် လေ့လာတွေ့ရှိချက်များကို ရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူးက မြို့နယ်အတွင်း မူးယစ်ဆေးဝါး လျော့နည်းပပျောက်ရေး အတွက် ပြည်သူအားလုံးက တတ်နိုင်သည့်ကဏ္ဍမှ ပါဝင်ဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားပြီး တက်ရောက် လာသူများမှ မိမိနေထိုင်ရာဒေသအတွင်း မူးယစ်ဆေးဝါး လျော့နည်းပပျောက်ရေးနှင့် ပတ်သက်သည်များကို ဆွေးနွေးပြောကြားခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲကို လူငယ်လူရွယ်များနှင့် ကျောင်းသား ကျောင်းသူများ မူးယစ်ဆေးဝါး အန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန်၊ တာဝန်ရှိသူများနှင့် ပြည်သူများပူးပေါင်းဆောင်ရွက်မှု အားကောင်း လာစေရန်နှင့် မူးယစ်ဆေးဝါးအန္တရာယ်သိရှိပြီး သုံးစွဲမှု လျော့နည်းပပျောက်စေရန် (YIHR)အဖွဲ့မှ ကြီးမှူးကျင်းပခြင်း ဖြစ်သည်။
ဆွေးနွေးပွဲသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းအောင်ကျော်နှင့် ဌာနဆိုင်ရာများ၊ ဒေသခံ ပြည်သူများ တက်ရောက်ခဲ့ကြသည်။
ကေအေ(ချောင်းဆုံ)