မကွေးတိုင်း ဒေသကြီး၌ ချောင်းများ အတွင်းမှ ကျောက်စရစ် ထုတ်လုပ်ခွင့် လျှောက်ထားမှု အခြေအနေမှာ လေးနှစ်တာ ကာလအတွင်း ငါးဆနီးပါးခန့် များပြားလာကြောင်း မကွေးတိုင်း ဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

“၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှာ ချောင်းကျောက်စရစ် ထုတ်လုပ်ခွင့် လျှောက်ထားတာ ၁၆ ဦးပဲ ရှိတယ်။ ၂၀၁၆-၁၇ မှာ ၂၅ ဦး၊ ၂၀၁၇-၁၈ မှာ ၃၉ ဦးထိ တိုးလာတယ်။ ဒီနှစ်ကတော့ ထူးထူးခြားခြား ၇၅ ဦးထိ လျှောက်ထားလာပါတယ်။ လေးနှစ်အတွင်း ငါးဆနီးပါး ပိုတိုးပြီး လျှောက်ထားလာပါတယ်” ဟု မကွေးတိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ တိုင်းဦးစီးမှူး ဦးဇော်လွင် က ပြောသည်။

မြစ်အတွင်း ကျောက်စရစ် ထုတ်လုပ်ရန် လျှောက်ထားမှုမှာလည်း ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် ၈၉ ဦး၊ ၂၀၁၆-၂၀၁၇ တွင် ၁၅၉ ဦး၊ ၂၀၁၇-၂၀၁၈ တွင် ၂၂၂ ဦးထိ တိုးလာနေကြောင်း၊ လတ်တလော မြစ်ကျောက်စရစ် ထုတ်လုပ်ခွင့် လုပ်ကွက် အနေဖြင့်  ၁၇ ဦးသာ ခွင့်ပြုပေးထားကြောင်း ဌာန၏ မှတ်တမ်းများအရ သိရသည်။

မကွေးတိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ လျှောက်ထားလာမှုများနှင့် ပတ်သက်၍ သရက်ခရိုင် စစ္စရံနယ်စပ်မှ အထက်ဘက် မိချောင်းရဲနယ်ထိ ကွင်းဆင်းတိုင်းတာမှုများ လုပ်ဆောင်ပြီး ဖြစ်သည်။

ရေကြောင်းမြေပုံများအရ နုန်းအနည်များ စုပုံနေသော ရေစီးကြောင်းအရ စုပ်ထုတ်ရန် လိုအပ်သည့် နေရာများတွင် သက်ဆိုင်ရာ အဖွဲ့အစည်းများ၏ စိစစ်ထောက်ခံချက်ဖြင့် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ လုပ်ငန်းလိုင်စင်ချ ထားပေးကြောင်း၊ သတ်မှတ် လုပ်ကွက် နေရာတွင်သာမက ကျောက်စရစ် ထုတ်ယူနိုင်သည့် အခြားနေရာများသို့ တရားမဝင် ပြောင်းရွှေ့လုပ်ကိုင်မှသာ သဘာဝ ပတ်ဝန်းကျင် ထိခိုက်ပြီး ကမ်းပါး ပြိုကျခြင်းများ ဖြစ်ပေါ်ရကြောင်း တိုင်းဦးစီးမှူး ဦးဇော်လွင်ထံမှ သိရသည်။ 

 

ဇေယျတု(မကွေး)