ဂန့်ဂေါ ၁၆ ဇွန်
၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းရန်ပုံငွေ(VDP)ဖြင့် မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ် ချောင်းနက်ကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်းတွင် အုတ်တံတိုင်းကာရန်ခြင်း လုပ်ငန်းဆောင်ရွက်လျက်ရှိရာ ယခုအခါရာ နှုန်းပြည့်ပြီးစီးနေပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။
အဆိုပါအုတ်တံတိုင်းမှာ ပေ (၅၁၀ x ၅) နှင့်ပေ (၂၂၀ x ၆) ရှိပြီး ကျေးရွာ ဖွံ့ဖြိုးရေး စီမံကိန်းရန်ပုံငွေ ကျပ်သိန်း ၁၀၀ နှင့် ပြည်သူ့ထည့်ဝင်ငွေကျပ်သိန်း ၂၀ စုစုပေါင်း ငွေကျပ်သိန်း ၁၂၀ ဖြင့် ကျေးရွာဖွံ့ဖြိုးရေးကော်မတီက တည်ဆောက်ထားခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ စာသင်ကျောင်း အုတ်တံတိုင်းကာရန်ခြင်းပြီးစီးမှု အခြေအနေအား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ယဉ်မင်းလှိုင်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးပြူးလွင်နှင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဆန်းဝင်း၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးကျော်မင်းထွန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သတ်မှတ်ထားသည့် စံချိန်စံညွှန်းနှင့်အညီ ကိုက်ညီမှု ရှိ/မရှိတို့ကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထင်အောင်နိုင်(ဂန့်ဂေါ)


