စဉ့်ကိုင် ၂၈ ဇွန်

 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် ယခုအချိန်၌ နှမ်းများရိတ်သိမ်းနေပြီဖြစ်ရာ နှမ်းစီးရာတွင် လိုအပ်သော ဝါးနှီးများကို ချောင်းပတ်ကျေးရွာမှ အိမ်ထောင်စုများသည် မိသားစုလိုက် တစ်ပိုင်တစ်နိုင် ဝါးနှီးဖျာခြင်းလုပ်ငန်းဖြင့် အပိုဝင်ငွေများ ရရှိကြောင်း သိရသည်။

 

အဆိုပါနှီးများဖျာရာတွင် အလျား(၂)ပေခန့်ရှိသော ဝါးဆစ်ကို (၁)လက်မအကျယ်ရှိ အလွှာများစိပ်၍ အပေါ်လွှာကျောများကို ဖယ်ရှားပြီး အတွင်းသားအလွှာများကို နှီးအဖြစ်ဖျာကြသည်။ ဝါးတစ်စစ်လျှင် ကျွမ်းကျင်မှုအပေါ် မူတည်ပြီး အပင်ရေ ၃၅၀ဝ မှ ၄၀ဝ၀ ထိ ထွက်ရှိပြီး အပင်ရေ ၁၀ဝ၀ဝ ပါ အစီးကြီးတစ်စီးလျှင် ကျပ် ၈၀ဝ ဖြင့် သွင်းဈေးရကြောင်း သိရသည်။

 

ထိုသို့ နှီးများဖျာရာတွင် အပေါ်ယံအလွှာကျောကို နှီးကြမ်းဖျာ၊ နှီးချောဖျာများရက်လုပ်၍ ရောင်းချရပြီး (၅)တောင်ပတ်လည်ဖျာ တစ်ချက်ကို ကျပ် ၁၀ဝ၀ဝ ထိ ရောင်းချရကြောင်း၊ ထိုဝါးနှီးများကို ဖျာကြမ်း၊ ဖျာချော၊ ရိုင်ပတ်၊ စကော၊ စကာ စပါးပျိုးနှီးများ အဖြစ်လည်း ပြုလုပ်ရောင်းချရကြောင်း၊ ချောင်းပတ်ကျေးရွာရှိ အိမ်ထောင်စုများအားလုံးသည် မိရိုးဖလာ အစဉ်အဆက် ဝါးနှီးနှင့် ဆက်နွယ်သော လုပ်ငန်းများဖြင့် မိသားစုအပိုဝင်ငွေရရှိ၍ အဆင်ပြေကြောင်း အဆိုပါကျေးရွာနေ ဒေါ်သန်းသန်းဦးထံက သိရသည်။

 

ဝင်းဝင်းသန်း(စဉ့်ကိုင်မြို့နယ် ပြန်/ဆက်)